close

မုန်တိုင်းငယ် ယနေ့ နေ့လယ်ပိုင်း ကိုကိုးကျွန်းအနီးဝင်ရောက်နိုင်

မုန်တိုင်းငယ်(Depression)ဟာ မတ်လ ၂၁ ရက် ဒီကနေ့  နေ့လယ်ပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မနက်ထုတ်ပြန်ပါတယ်။

မနက်ဖြန် မတ်လ ၂၂ ရက် မနက်မှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ  အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင်  မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၂၃ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့  ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၆ ပေကနေ ၉ ပေအထိ  မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် ကိုကိုးကျွန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ ၏တောင်-အနောက်တောင်ဘက်ရေမိုင် ၂၇၀ မိုင်ခန့်၊ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ မြိတ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ မော်လမြိုင်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ ရန်ကုန်မြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့  လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီ မုန်တိုင်းဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်နဲ့ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့မနက်ကစပြီး မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မကြာခဏ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်  ၉ ပေမှ ၁၃  ပေရှိနိုင်ပါတယ်။ 

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊‌ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up