စစ်ဖြစ်လျှင်

၁။
“ကျနော်တို့ မနက်ဖြန်ပြန်ရင် ရွာက မိသားစု သုံးစုလောက်က လိုက်ချင်တယ်တဲ့ ကိုငြိမ်း၊ ဟိုရောက်ရင် ဖွေးပေါလူဒုက္ခသည်စခန်းသွားနေကြမယ်တဲ့ အဲဒါ ခေါ်ခဲ့ရမလား”
ဗိုလ်သိန်းစိုးက ကျနော့်မျက်နှာကို အကဲခတ်သလိုကြည့်ကာ စကားပြောလာခဲ့သည်။ ကျနော်ကလည်း ရုတ်တရက် ဘာပြန်ပြောရမည် မသိ။
“အဲဒါ ခင်ဗျားပဲ စဥ်းစားဆုံးဖြတ်ပါ၊ လမ်းခရီးအခြေအနေ ခင်ဗျား အသိဆုံးပဲဟာ၊ ကျနော်ကတော့ ခင်ဗျား ခေါ်ချင်တယ်ဆိုရင် သဘောမတူစရာ မရှိပါဘူး”
အကျိုးအကြောင်း မေးကြည့်တော့ ဗိုလ်သိန်းစိုးက အသေအချာ ရှင်းပြသည်။
ပြီးခဲ့သည့် ငါးရက်၊ စစ်အစိုးရစစ်တပ်က ကျုံစိန်ရွာထဲ လက်နက်ကြီး နှစ်ချက် ပစ်ခဲ့သည်။ အသက် ၄၀ အရွယ် ရွာသားတစ်ဦး ရင်ညွန့်တွင် ဗုံးစထိမှန်ကာ သေဆုံးသည်။ အသက် ၆၀ အရွယ် အမယ်အိုတစ်ဦး ပေါင်တွင်၊ အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး လက်တွင် လက်နက်ကြီး ကျည်ဆန် ထိမှန်ခံရသည်။ ကမ္မမောင်းသို့ ဆေးသွားမကုရဲ ရွာသို့လည်း မပြန်ရဲသဖြင့် တောထဲတွင်ပင် ကျိတ်ကုနေရသည်။ ရွာသားအားလုံး နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်ကြရသည်။
လူငယ် လူရွယ် လူလတ်ပိုင်းများမှာ တော်တော်နှင့် ရွာမပြန်ရဲကြသေး။ အသက်ကြီးသူတချို့နှင့် ကလေးတချို့သာ ရွာပြန်ကပ်နေကြရ၏။
ယခု ကျနော်တို့နှင့်အတူ မာနယ်ပလောသို့ လိုက်ပါကြသည့်သူများမှာ ကျုံစိန်ရွာသားများချည်း ဖြစ်သည်။ အသက် ၅၀ ကျော် ၂ ယောက်နှင့် အသက် ၅ နှစ်သာသာ ကလေး ၂ ယောက်၊ စုစုပေါင်း ၁၂ ယောက် ဖြစ်သည်။ သူတို့မှာ စစ်တပ်က စစ်ဆေးမေးမြန်း အသတ်ခံရသည့် ရွာသားတစ်ဦး၏ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။
ကျုံစိန်ရွာမှာ ဗိုလ်သိန်းစိုး၏ ဇာတိရွာ ဖြစ်သည်။ သူ၏ မိသားစုဝင်အားလုံးလည်း ဖွေးပေါလူ ဒုက္ခသည်စခန်း ပို့ထားရသည်။ သူ ကရင်တော်လှန်ရေးထဲ ဝင်ကတည်းက သူ့မိသားစုမှာ ရွာမှာ မနေရဲကြတော့။
နောက်တနေ့ မနက်စောစောတွင် ထိုင်း-မြန်မာ နယ်စပ် မာနယ်ပလောသို့ ထို ကျုံစိန်ရွာသားများကို ခေါ်ကာ ခရီးထွက်ကြမည်ဟု ဆုံးဖြတ်လိုက်ကြ၏။ ပုံမှန်အားဖြင့် လေးညအိပ် ခြေလျင်ခရီးကို လူကလည်းများ၊ ရန်သူ့စစ်ကြောင်းကို ရှောင်ရှားသွားကြရမည် ဖြစ်သဖြင့် အနည်းဆုံးတော့ ငါးရက်ကျော်ကျော် သွားကြရမည်ဟု ဗိုလ်သိန်းစိုးက ခန့်မှန်းထားလေသည်။
၂။
ကျနော်တို့လူစုကို DKBA တပ်ခွဲမှူးလေး ဗိုလ်သိန်းစိုးက လုံခြုံမည်ထင်ရသည့် လမ်းကြောင်းများ အကြိမ်ကြိမ် စဉ်းစားပြီးမှ ခေါင်းဆောင်ပြီး လာခဲ့ကြသည်။ မည်သည့်ရွာတွင်မျှ ဝင်မအိပ်ကြ၊ ဖြတ်မလာခဲ့ကြ။ ရိက္ခာအတွက် လိုအပ်သည့်အခါမှသာ သူကိုယ်တိုင် သူ့ရဲဘော်ဝှေ့စာနှင့်အတူ ရွာထဲသို့ ဝင်သည်။ ရိက္ခာ စီစဥ်သည်။
ခရီးစထွက်ပြီး နောက်တနေ့တွင် ကျနော်တို့နှင့်အတူ ပါလာသည့် လူအုပ်ထဲမှ ကလေးတစ်ယောက်ကို ကျနော် သတိပြုမိသည်။ သူ့ကို မကြာခဏ ကြည့်နေတတ်သည့် ကျနော့်ကို သူကလည်း ပြန်ပြီးအကဲခတ်နေခဲ့၏။ သို့သော် ကျနော့်ကို ခဏပဲကြည့်ကာ မျက်နှာ ချက်ချင်း လွှဲသွားတတ်၏။
ကျနော် သတိပြုမိနေသည့် ကလေးမှာ ဖခင်ဖြစ်သူ အသတ်ခံရသည့် ဖတဆိုးလေး ဖြစ်သည်ကို ဗိုလ်သိန်းစိုး ပြောပြသဖြင့် ကျနော် သိထား၏။ အသက် ခြောက်နှစ်ခန့် အသားဖြူဖြူ ဖြစ်သည်။ သူက ကျနော် ပြည်တွင်းတွင် ထားခဲ့ရသည့် ကျနော့်သားနှင့် မျက်နှာပေါက် တော်တော်ဆင်သည့်အတွက် သူ့ကို ကျနော် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
တခါတရံ လမ်းခရီးတွင် နားကြသောအခါ သူ့အနားသို့ သွားကာ ကျနော့်တွင် ပါလာသည့် သကြားလုံးတချို့ ပြကာ ခင်မင်အောင် ကြိုးစားကြည့်၏။ သူ့မျက်နှာ ချက်ချင်း တင်းမာကာ အနားသို့ အကပ်မခံ၊ သူ့မိခင်ဘေး တိုးကပ်နေတတ်၏။
တနေရာအရောက်တွင် ကျနော်သည် မျက်နှာကို အချိုသာဆုံးထားကာ သူ့အနားသို့ မသိမသာ တိုးကပ်သွား၏။ လက်ထဲတွင် ချိုချဥ် သုံး လေးလုံး ကိုင်ထား၏။ သူနှင့် လေးလှမ်းမျှအကွာတွင် သူသည် သူ့မိခင်ဘေး အလျင်အမြန်ကပ်ကာ သူ့မိခင်ကို အကွယ်အကာယူကာ ကျနော့်ကို လက်ညှိုးထိုးလျက် စကားတခွန်း မမျှော်လင့်ဘဲ ပြောလိုက်လေသည်။
“ပရော် ပရော်…” ဟူ၍ ဖြစ်သည်။
ကျနော်သည် နေရာတွင်ပင် ခြေစုံရပ်ကာ တကိုယ်လုံး သံချောင်းလို တင်းတောင့်သွားရ၏။ လုံးဝ မျှော်လင့်မထားသဖြင့် အံ့သြသွားရ၏။ ထို့ပြင် ကြေကွဲတုန်လှုပ်သွားရ၏။
ကရင်ကလေးငယ် ပြောလိုက်သည့်စကားမှာ ‘ရန်သူ..ရန်သူ’ ဟူသောစကား ဖြစ်နေသောကြောင့် ကျနော့်မှာ ကြေကွဲတုန်လှုပ်သွားရ၏။
၃။
“အင့်”
အသံလာရာနောက်ကို လှည့်ကြည့်တော့ ကရင်ကလေးငယ်မှာ လဲရာက ပြန်ထဖို့ ကြိုးစားနေသည်ကို တွေ့ရသည်။ ကျနော်က သူ့ထံ အလျင်အမြန်သွားကာ ဆွဲထူသည်။ သူက တအံ့တသြ မျက်လုံးများနှင့် ကျနော့်ကို မော့ကြည့်ရင်း သူ့ဘာသာသူ ထရပ်သည်။ ကျနော့် အကူအညီကို ယူချင်ဟန်မပြ။
အံ့သြဖို့ကောင်းသည်မှာ သုံးရက်တာ ကြာလာသည့်တိုင် ကျနော့်ဖော်ရွေမှုကို ငြင်းဆန်နေခဲ့သည့် ကရင်ကလေးငယ်မှာ မတော်တဆ လဲကျစဥ် သူ့ကို ဖေးကူမထူဖို့ လုပ်သည့် ကျနော့်ကို သိသိသာသာကြီး ဆက်ဆံရေး ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ အစတော့ ခပ်ရွံရွံ့ ဖြစ်နေရာက ကျနော် ပေးသော ချိုချဥ်ကို ယူသည်။ တခါတရံ ကျနော်နှင့်အတူ လမ်းတွဲပြီးလျှောက်သည်။ သူကလည်း မြန်မာလို မတတ်၊ ကျနော်ကလည်း ကရင်လို တလုံးမှ မတတ်သော်လည်း သူနှင့် ကျနော် လက်ဟန်ခြေဟန် မျက်နှာရိပ်မျက်နှာကဲဖြင့် အပြန်အလှန် ဆက်ဆံလာနိုင်ကြသည်။
လေးရက်မြောက်နေ့တွင်မူ သူနှင့် ကျနော် အတူတွဲကာ လူအုပ်၏ရှေ့မှ တနေကုန် လျှောက်ကြသည်။ ကျနော့်ထံက ချိုချဥ်ကို ယူသည်။ ကျနော့်ရေဘူးကို ယူပြီးသောက်သည်။ လူအုပ်က နောက်တွင် ပြတ်ကျန်နေသည့်အခါတွင်မူ သူက ခဏထိုင်ရန် လက်ဟန် ခြေဟန်ဖြင့် ပြောသည်။ နောက်ကလူအုပ်ကို နှစ်ယောက် အတူထိုင်စောင့်ကြသည်။
သူနှင့်အတူ လျှောက်လာနေစဥ် ကျနော့်မှာ သူနှင့် မျက်နှာပုံပန်းဆင်သူ သူ့အရွယ် ကျနော့်သားကို ကျနော် သတိရနေသည်။ ကျနော်သည် ဇနီးနှင့် သားငယ်ကို စွန့်ခွာကာ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်လာသူ ဖြစ်သည်။ မတတ်သာသည့်အဆုံး တစ်ဦးတည်းသောသားကို ခွဲခဲ့ရသူ၊ ထားခဲ့ရသူ ဖြစ်သည်။
ကရင်ကလေးငယ်မှာ ပြီးခဲ့သည့် လအတွင်းကမှ ဖခင်ဖြစ်သူ အသတ်ခံရသဖြင့် ဖတဆိုးလေး ဖြစ်လာသူ ဖြစ်သည်။ လောလောဆယ် သူနှင့် ကျနော်၏ ဘဝအနေအထားမှာ တိုက်ဆိုင်လွန်းနေသည်။ သူ့တွင် ဖခင် မရှိတော့။ ကျနော့်တွင် သား မရှိတော့။
နောက်က လူအုပ်ကို ထိုင်စောင့်နေစဥ် ညက ဗိုလ်သိန်းစိုးနှင့် စကားစမြည် ပြောခဲ့သည်ကို ပြန်တွေးသည်။ သူက ဒီစစ်ကြီး ဘယ်တော့ပြီးမယ် ထင်သလဲဟု မေးသည်။ ကျနော်က ကျနော်လည်း မခန့်မှန်းတတ်ဟု ဖြေသည်။ ပြီးတော့ စစ်ပွဲမရှိတဲ့ တိုင်းပြည်တွေကို သူ အားကျကြောင်း ပြောသည်။ ကျနော်ကလည်း စစ်ပွဲတွေကို မုန်းသည့်အကြောင်း စစ်ပွဲမရှိသည့် တိုင်းပြည်များသည်လည်း တချိန်က စစ်ပွဲများ ရှိခဲ့ကြသည်သာ ဖြစ်ကြောင်း ပြန်ပြောမိသည်။ ထို့နောက် စစ်ပွဲတွေ ချုပ်ငြိမ်းရင် ဒါမှမဟုတ် ဒီစစ်ပွဲ ကျနော်တို့နိုင်လျှင် စစ်မလိုလားသောအစိုးရကို ထူထောင်နိုင်မည်။ ထို့ကြောင့် ကျနော်တို့သည် စစ်ကိုလိုလားလို့ တိုက်နေခြင်းမဟုတ်ဘဲ စစ်တွေ အပြီးအပိုင်ဖျက်သိမ်းနိုင်ဖို့ စစ်တိုက်နေရခြင်းသာ ဖြစ်ကြောင်း အချိန်အတော်ကြာ ပြောခဲ့ကြရ၏။
၄။
တောင်ဆင်းလမ်းမှာ လမ်းမြွှာလမ်းခွဲတချို့ တွေ့လာရသဖြင့် ကျနော်က မကြာခဏ ရပ်တန့်ကာ စဥ်းစားရသည်။ လမ်းလွဲမသွားရအောင် ရပ်တန့်စဥ်းစားရသည်။ တောင်ခြေနှင့် နီးလာခဲ့ပြီ ဖြစ်သည်။ မကြာခင် KNU တောင်ခြေ ရိက္ခာစခန်းကို ရောက်တော့မည်။
ကျနော်က မကြာခဏ ရပ်တန့်စဥ်းစားနေသည်ကို ကရင်ကလေးငယ်က အသေအချာ အကဲခတ်နေဟန် ရှိသည်။ ပြီးတော့ နောက်တွင် ကျန်နေသည့်လူအုပ်ဆီ မကြာခဏ ပြန်ပြန်ပြီး ကြည့်သည်။ ကျန်နေခဲ့သည့် သူ့မိခင်အတွက် စိတ်ပူနေဟန်ရှိသည်။
လူသွားလမ်းခွဲတခုအရောက်တွင် ကျနော့်ရင်ထဲ မအီမလည်ဖြစ်ကာ ပျို့အန်လာသည်။ လမ်းဘေးတွင် ထိုးအန်ချသည်အထိ ဖြစ်လာသည်။ ရုတ်တရက် တကိုယ်လုံး တဆတ်ဆတ်တုန်ကာ ငှက်ဖျားတက်တော့သည်။ မျက်လုံးများ ရုတ်တရက် ဝေဝါးလာသဖြင့် ကျနော်က သစ်ပင်တပင် ခြေရင်းတွင် ထိုင်ချလိုက်ရသည်။
ထိုစဥ်မှာပင် ကရင်ကလေးငယ်သည် တစုံတရာ ပါးစပ်မှ အော်ဟစ်ကာ လာရာလမ်း အထက်ဘက်သို့ ပြေးထွက်သွားလေသည်။ ကျနော့်မှာ ငှက်ဖျားတက်နေသဖြင့် သူ့နောက်သို့ မလိုက်နိုင်၊ တားချိန်လည်း မရလိုက်ချေ။ ကရင်ကလေးငယ်မှာ သူ့မိခင်နှင့် လမ်းလွဲသွားပြီဟု ထင်ဟန်ရှိသည်။ သူ့အော်သံကို ခပ်ဝေးဝေးအထိ ကြားနေရသည်။
ထိုစဥ်မှာပင် ကရင်ကလေးငယ် ပြန်ရောက်လာသည်။ သို့သော် ပါးစပ်မှ ကရင်လို တစုံတရာ အော်ဟစ်ရင်း ကျနော့်ဘေးမှဖြတ်ကာ တောင်ဆင်းလမ်းအတိုင်း အပြေးဆင်းသွားပြန်သည်။
သည်တခါတော့ ကျနော့်မှာ မနေသာတော့။ သူ့ကို ကျနော် စိတ်ပူသည်။ သူနှင့် လူချင်းကွဲကာ လမ်းလွဲသွားမည်ကို စိတ်ပူသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အားယူကာ ထိုင်နေရာမှ ထရသည်။ အောက်ဘက်က ကရင်ကလေးငယ်၏ အော်သံရှိရာ ဒယိမ်းဒယိုင်ဖြင့် လိုက်ရသည်။ ပါးစပ်ကလည်း “ဖိုးခွားရေ ဖိုးခွားရေ” ဟု အလိုလို အော်ဟစ်ရင်း အပြေးဆင်းသည်။ ထိုစဥ်မှာပင် ကရင်ကလေးငယ်ဆီက မမျှော်လင့်ဘဲ ပြန်အော်လိုက်သည့် အသံကို ကြားလိုက်ရသည်။ “အပါးရေ အပါးရေ” ဟူသော ကရင်ကလေးငယ်၏ အော်သံနှင့် ကျနော်၏ “ဖိုးခွားရေ..ဖိုးခွားရေ…” ဟူသော အော်သံများမှာ တောစပ်တွင် ဟိန်းနေသည်။ တစတစ နီးလာနေသည်။
လူသွားလမ်းဆုံတစ်ခုတွင် ကျနော်နှင့် ကရင်ကလေးငယ်တို့ အပြန်အလှန် အော်ခေါ်ရင်း ဘွားခနဲ ပြန်ဆုံကြရသည်။ ကျနော်က တဆတ်ဆတ်တုန်နေသော သူ့ခန္ဓာကိုယ်လေးကို ဖက်ပွေ့ထားစဥ် သူသည်လည်း မျက်ရည်များကျလျက် ကျနော့်ကို မော့ကြည့်လျက် ပြန်ဖက်ထားနေသည်။
ထိုစဥ်မှာပင် ကျနော်သည် ကဗျာတစ်ပုဒ်ကို ချက်ချင်း သတိရလာမိလေသည်။
“စစ်ဖြစ်လျှင်”
စစ်ဖြစ်လျှင်
ပိုင်ရှင်မရှိသော အိမ်နှင့်
အိမ်မရှိသော ပိုင်ရှင်ကို တွေ့မည်။
စစ်ဖြစ်လျှင်
စားကျက်မရှိသော နွားနှင့်
နွားမရှိသော စားကျက်ကို တွေ့မည်။
စစ်ဖြစ်လျှင်
ခန္ဓာကိုယ်မရှိသော ခြေထောက်နှင့်
ခြေထောက်မရှိသော ခန္ဓာကိုယ်ကို တွေ့မည်။
စစ်ဖြစ်လျှင်
အဖေ မရှိသောသားနှင့်
သား မရှိသော အဖေကို တွေ့မည်။
စစ်ဖြစ်လျှင်
အငတ်ဘေးကြီး ကျမည်။
ငါတို့
စစ်ကို မဖြစ်ကြပါစို့။
(TNS ဘာသာပြန်ဆိုသော မွန်ဂိုလီးယားကဗျာဆရာ ချိုအီစင် ဆူရင် ရဲ့ WAR ကဗျာ)
ငြိမ်းဝေ(ကဗျာ့အိုးဝေ)