ဂျူဗင်တပ်မှ ထွက်ခွာမည့် ဒီဘားလားကို ခေါ်ယူရန် အင်တာမီလန် စိတ်ဝင်စား

အခုနှစ် ရာသီအကုန်မှာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ရှိတဲ့ တိုက်စစ်မှူး ဒီဘားလားကို အင်တာမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ ကစားခွင့် ရရှိတော့မှာပါ။
အီတလီသတင်းစာ Tuttosport နဲ့ တခြားမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဘားလားအနေနဲ့ စီးရီးအေမှာပဲ ဆက်ရှိဖို့ စဉ်းစားနိုင်ပြီး အင်တာမီလန်ဘက်ကလည်း ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ဒီဘားလားကို အင်္ဂလန်ကလပ်တွေနဲ့ စပိန်ကလပ်တွေကလည်း ခေါ်ယူလိုနေပါတယ်။
၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဒီဘားလားဟာ ဂျူဗင်တပ်အသင်းအတွက် စုစုပေါင်း ၂၈၃ ပွဲ ကစားထားရာမှာ ၁၁၃ ဂိုး သွင်းယူထားပါတယ်။
အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူခဲ့တာက ဂျူဗင်တပ်ကနေ ဒီဘားလား ထွက်ခွာစေဖို့ ဖြစ်လာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။