close

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ကာ သံတွဲမြို့အနီးမှ ဖြတ်သွားနေ

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းကို ဂွမြို့အနီးမှ ရွေ့လျားခဲ့တဲ့ မုန်တိုင်းငယ်(Depression)ဟာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီလို့  မိုးဇလဌာနက  မတ်လ ၂၃ ရက်  ဒီကနေ့မနက် ထုတ်ပြန်ပါတယ်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းရဲ့ လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေလို့  အညိုရောင်အဆင့် သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။

သံတွဲမြို့အနီးမှ ဆက်လက်ရွေ့လျားနေစဉ် ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ခန့်နဲ့ ဧရာဝတီတိုင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၂ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up