ဂျပန်လွှတ်တော်တွင် ပြောကြားခဲ့သည့် ယူကရိန်းသမ္မတမိန့်ခွန်း တခဲနက် ချီးကျူးခံရ

ရုရှားနိုင်ငံအား စီးပွားရေး ပိုမိုပိတ်ဆို့ အရေးယူ ဖိအားပေးဖို့ ဂျပန်နိုင်ငံကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တောင်းဆိုလိုက်ပါတယ်။
ဇလန်းစကီးက တိုကျိုမြို့ ပါလီမန်ကို မတ် ၂၃ ရက်နေ့က ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောခဲ့ပြီး လွှတ်တော်အမတ်တွေရဲ့ တခဲနက် ချီးကျူးမှု ရရှိခဲ့ပါတယ်။
ဇလန်းစကီးက “ခင်ဗျားတို့ဟာ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရုရှားကို ရှုတ်ချ စီးပွားရေးပိတ်ဆို့မှု စတင်လုပ်ခဲ့တဲ့ အာရှရဲ့ ပထမဆုံးနိုင်ငံပါ” ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောပါတယ်။
သူက ရုရှားတပ်တွေ ချာနိုဘိုင်း နျူကလီးယားစက်ရုံကို တိုက်ခိုက်မှုအသစ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် ယူကရိန်းစစ်တပ်က ကာကွယ်ဖို့ လုပ်နေရတယ်လို့လည်း ပြောပါတယ်။
ဂျပန်နိုင်ငံသမိုင်းမှာ နိုင်ငံခြားခေါင်းဆောင်တဦးက ပြင်ပမှ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းဖြစ်ပြီး လွှတ်တော်အမတ်တွေအားလုံး မတ်တပ်ရပ် ချီးကျူးဂုဏ်ပြုမှုခံခဲ့ရတာပါ။ ဇလန်းစကီးရဲ့ မိန့်ခွန်းကို ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ အစိုးရအဖွဲ့က လွှတ်တော် ရှေ့ဆုံးခုံတန်းက နားထောင်ခဲ့ပြီး ဂျပန်တနိုင်ငံလုံးကလည်း စိတ်ဝင်တစား စောင့်နားထောင်ခဲ့တာပါ။