ဖားကန့် မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မြို့မရဲစခန်းကို မတ်လ ၂၄ ရက် ဒီကနေ့ ညနေ ၃ နာရီလောက်က ဗုံးပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
"ဒီညနေမှာပဲ ဗုံးပစ်ခံရတာ။ ဘယ်လိုပစ်သွားလဲတော့ မသိလိုက်ကြဘူး။ ဗုံးပေါက်သံ အကျယ်ကြီးပဲ ကြားလိုက်တာ။ နောက်တော့ ရဲ ၃ ယောက်သေတယ် သိလိုက်ရတယ်။ အခုတော့ တံတားဘက်မှာ စစ်နေတယ်။ အရင်ကတည်းက အဲ့ရဲစခန်းရှေ့မှာ အစစ်အဆေးများတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲစခန်းဗုံးပေါက်ကွဲပြီးနောက် ဥရုရတနာကျောက်စိမ်းတံတားမှာ ရဲတွေက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ပြီး ဆိုင်ကယ်တူးဘောက်စစ်ဆေးတာ၊ ကားတံတခါးဖွင့် စစ်ဆေးတာလုပ်နေပါတယ်။
မတ်လ ၂၂၊ ၂၃ ရက်နေ့တွေမှာလည်း ဖားကန့်မြို့မရဲစခန်းရှေ့မှာ မနက် ၉ နာရီကစပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ်ကျပ်စစ်ဆေးနေပါတယ်။
အခုရက်ပိုင်းမှာ ဖားကန့်မြို့က မှော်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။