close

ရုရှား၏ နောက်ထပ်ပစ်မှတ် နေတိုးအဖွဲ့ဝင်နိုင်ငံများ ဖြစ်လာမည်ဟု ယူကရိန်းသမ္မတ သတိပေး

ရုရှားနိုင်ငံရဲ့ နောက်ထပ်ပစ်မှတ်ဟာ ပိုလန်အပါအဝင် ဥရောပအရှေ့ပိုင်းက နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက မတ် ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ယူကရိန်းကို တင့်ကားတွေနဲ့ တိုက်လေယာဉ်တွေ ပေးဖို့နဲ့ မပျံသန်းရဇုန် သတ်မှတ်ဖို့ ငြင်းဆိုခဲ့တဲ့ နေတိုးကို ဝေဖန်လိုက်သလို ရှင်းလင်းတဲ့အဖြေမပေးခဲ့လို့ ယူကရိန်းမြို့တွေ ပျက်စီးပြီး လူအများအပြား သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။

ဇလန်းစကီးဟာ သူ့နိုင်ငံကို စစ်ရေးအရ ပိုတိုးထောက်ပံ့ဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။

သမ္မတ ဇလန်းစကီးက နေတိုးထိပ်သီးညီလာခံမှာ ရုပ်သံကနေပြောတဲ့ မိန့်ခွန်းအတွင်း “ကျေးဇူးပြုပြီး ယူကရိန်းစစ်တပ်ဟာ နေတိုးရဲ့ စံချိန်စံညွှန်းကို မမီဘူးလို့ ဘယ်တော့မှ ထပ်မပြောပါနဲ့။ ဥရောပတိုက်နဲ့ ကမ္ဘာကြီးမှာ ဘုံလုံခြုံရေးအတွက် ကျနော်တို့ ဘယ်လောက်ပေးနိုင်တယ်ဆိုတာ၊ ကျနော်တို့ စံချိန်စံညွှန်းက ဘယ်လောက်စွမ်းရည်ရှိတယ်ဆိုတာ ကျနော်တို့ ပြခဲ့ပြီးပြီ” လို့ ထည့်သွင်း ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ရုရှားအပေါ် အသစ်ထပ်မံ ဒဏ်ခတ်ရေး ဆွေးနွေးနေချိန်မှာ သမ္မတ ဇလန်းစကီးက “ယူကရိန်းနဲ့အတူ ရပ်တည်တဲ့အတွက် ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရေး နောက်မကျစေဖို့ တိုက်တွန်းတယ်။ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် ဒဏ်ခတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ရာမှာ နည်းနည်းနောက်ကျတယ်” လို့ ပြောပါတယ်။

အနောက်နိုင်ငံတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတာကို ရက်စက်ကြမ်းကြုတ်မှုအဖြစ် ဝေဖန်ရှုတ်ချခဲ့တာပါ။

ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဝိုင်းခံ မြို့တွေထဲက ထောင်ချီတဲ့ ဒေသခံတွေဟာ မြေအောက် ဗုံးခိုကျင်းတွေထဲမှာ နေကြရပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ထောင်ချီတဲ့လူတွေ သေဆုံးခဲ့ရပြီး လူ ၃ ဒသမ ၆ သန်း နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ရသလို ယူကရိန်း ကလေးတဝက်ကျော်ဟာ သူတို့အိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ရုရှားနဲ့ ယူကရိန်း အရာရှိတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာလည်း သီတင်းပတ်ချီ ကြာနေပေမယ့် မအောင်မြင်သေးပါဘူး။

လောလောဆယ်မှာတော့ ရုရှားလေကြောင်းကနေ ဗုံးကြဲပြီး အမြောက်တွေနဲ့ ပစ်ခတ်တာတွေ အကြီးအကျယ် လုပ်နေတာကို အရပ်သားတွေ ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up