close

လက်ရုံးတပ် အင်ဂျင်နီယာဗိုလ်ကြီး ၁ ဦး အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ

လက်ရုံးတပ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတယောက်ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်ကာ ပြီးခဲ့တဲ့ မတ် ၃ ရက်က အာဏာဖီဆန် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး လက်ရှိမှာတော့ သူဟာ ဘေးကင်းရာ လွတ်မြောက်နယ်မြေဒေသတခုကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ဗိုလ်ကြီးအံ့ကျော် (တော်လှန်ရေးအမည်လွှဲ)က “ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချ အောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်။” လို့ ပြောပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up