အကြီးစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်လိုက်တာဟာ အကြီးစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက မတ် ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်အင်အားကို ပြဖို့နဲ့ အမေရိကန်စစ်တပ်ရဲ့ အကွက်ရွှေ့မှုကို ဟန့်တားဖို့ ပုံစံထုတ်ထားတာလို့ စမ်းသပ်မှုကို ဦးဆောင်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက ပြောပါတယ်။
ဒါဟာ ၂၀၁၇ နောက်ပိုင်းမှာ နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားရဲ့ ပထမဆုံး အင်အားပြည့် ICBM စမ်းသပ်ပစ်လွှတ်မှုပါ။
လေကြောင်းသတင်းအချက်အလက်တွေအရ ဒုံးကျည်ဟာ အရင်က ဂျပန်အနောက်ဘက် ပင်လယ်ထဲ ထိုးမချခင် အရင်တခါ ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ထက် ပိုပြီး မြင့်မြင့်နဲ့ ဝေးဝေး ပျံသန်းခဲ့တာကို ပြထားပါတယ်။
ဟွာဆောင် ၁၇ လို့ နာမည်ပေးထားတဲ့ ဒီ ICBM ဟာ လမ်းပေါ်မှာ ရွေ့လျားနိုင်တဲ့ ပစ်လွှတ်စင်ကနေ ပစ်လွှတ်တဲ့ လောင်စာရည်သုံး ကမ္ဘာ့အကြီးဆုံးဒုံးကျည် ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဗျူဟာမြောက် တပ်ဖွဲ့တွေဟာ အမေရိကန် နယ်ချဲ့တွေရဲ့ စစ်ရေးကြိုးစားမှု မှန်သမျှကို နှိုက်နှိုက်ချွတ်ချွတ် တားဆီးဖို့ အပြည့်အဝ အသင့်ဖြစ်နေပြီလို့ ကင်မ်က ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ရင်း ပြောခဲ့တယ်လို့ KCNA သတင်းဌာနက ကြေညာပါတယ်။