မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ကားတချို့ ပစ်ခတ်ခံရပြီး ယာဉ်မောင်း ၁ ဦးသေဆုံး


ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မတ်လ ၂၈ ရက် ဒီနေ့ မနက်ပိုင်း ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားတချို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အိမ်စီးကားတစီးရဲ့ ယာဉ်မောင်းတယောက် သေဆုံးသွားခဲ့တာဖြစ်ပြီး တခြားကားချို့လည်း သေနတ်နဲ့ အပစ်ခံရတာကြောင့် ကော့ကရိတ်မြို့ မြဝတီဘက်လာတဲ့ ယာဉ်တန်းတချို့ ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်ကစပြီး မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးမှာ ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ မသွားဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ က တားမြစ်ထားတာဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး ကုန်စည်တင်သွင်းမှု ရပ်တန့်ထားရပြီး ရက်ရှည်ကြာလာပါက စီးပွားရေးသမား ကုန်သည်တွေ၊ လုပ်ငန်းရှင်နဲ့ ပြည်သူတွေ အခက်အခဲဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ မတ် ၁၂ ရက် မနက်ပိုင်းကလည်း ခရီးသည်တင်မှန်လုံယာဉ် ၁ စီးနဲ့ ကုန်တင်ကား ၂ စီး မီးရှို့ခံခဲ့ရပါတယ်။