close

ဘန်ကောက်တွင် ရွှေဆိုင်ပိုင်ရှင်အား ဆေးခတ်ပြီး ရွှေထည်များခိုးယူသည့်ဝန်ထမ်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရွှေဆိုင်ပိုင်ရှင်သားအမိ ၂ ယောက်ကို ဆေးခတ်ပြီး ရွှေတွေခိုးယူသွားခဲ့တဲ့ ဆိုင်ဝန်ထမ်းမိန်းကလေးအား ဖမ်းဆီးရမိပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မတ် ၂၈  ရက်မှာ သတင်းစာရှင်းပါတယ်။ 

အဆိုပါမိန်းကလေးမှာ အသက် ၂၅ နှစ်ရွယ်ရှိ ဖန်း ခေါ် ဆီလဒါး ဆိုသူဖြစ်ပြီး သူမဟာ ခိုးရာပါရွှေတွေကို ပြီးခဲ့တဲ့မတ် ၂၆ ရက်က ဘန်ကောက်နွဲ့နယ်မြေရှိ အခြားရွှေဆိုင်တဆိုင်မှာ သွားရောက်ရောင်းချစဉ် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဝင်‌ရောက်ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က ဘန်ကောက် ဘန်ခွန်ထိန်းနယ်မြေ ဆမဲဒမ်ရပ်ကွက်ရှိ ရွှေဆိုင်မှာ ဆိုင်ရှင်သားအမိ ၂ ယောက် ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံမှာ အိပ်ဆေးမိထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီနောက် ဆိုင်ကိုပြန်စစ်တော့ ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးနေလို့ စီစီကင်မရာပြန်ကြည့်ရာမှာ ဆိုင်ဝန်ထမ်းမိန်းကလေးက ဆိုင်ရှင် သောက်နေကျ ဖျော်ရည်ပုလင်းကို အခြားပုလင်းနဲ့လဲပြီး ဆိုင်ရှင် ၂ ယောက် မှေးခနဲ အိပ်ပျော်စဉ် အလေးချိန် ၁ ဘတ်သားရှိ ရွှေဆွဲကြိုး ၄ ကုံး၊ လက်ကောက် ၁ ကွင်း နဲ့ ငွေသား ဘတ် ၅၀,၀၀၀ နဲ့ ဘောက်ချာတွေပါ ယူဆောင်သွားတာကြောင့် ရဲကိုတိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ 

သူမဟာ အဆိုပါရွှေဆိုင်မှာ အလုပ်လာလုပ်တာ ၁၀ ရက်ပဲ ရှိသေးကြောင်း၊ အလုပ်လျှောက်တာလည်း တပါးသူရဲ့မှတ်ပုံတင်နဲ့လျှောက်ခဲ့ပြီး ရွှေသွားရောင်းတာလည်း အစ္စလာမ်အမျိုးသမီး ၁ ဦးလို ခေါင်းမြီးခြုံ မာ့က်စ်တပ်ပြီး သူများနာမည်နဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အထူးစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့တွေရဲ့ လက်ထဲကမလွတ်ဘဲ အဖမ်းခံလိုက်ရတာပါ။ 

သူမဟာ ရွှေဆိုင်ကပစ္စည်းတွေခိုးယူဖို့ ဒီလဆန်းကတည်းက အစီအစဉ်ချထားတာဖြစ်ပြီး မေ့ဆေးလုံးကိုလည်း ကိုယ်တိုင်မဝယ်ဘဲ တခြားသူနဲ့ တခြားမြို့ကနေ ဝယ်ခဲ့ပါတယ်။ အဆိုပါမေ့ဆေးလုံးဟာ တိရစ္ဆာန်တွေကို ခွဲစိတ်ကုသတဲ့အခါ တိုက်ကျွေးရတဲ့ဟာလို့ ဆိုပါတယ်။ 

သူမဟာ ဘန်ကောက်ရန်းဆစ်နယ်မြေရှိ တက္ကသိုလ်တခုမှာ နောက်ဆုံးနှစ်တက်ခဲ့ကြောင်း၊ အဲဒီနောက် ရည်းစားနဲ့လွန်ကျူးပြီး ကိုယ်ဝန်ရခဲ့ကြောင်း၊ လက်ရှိကိုယ်ဝန် ၂ လကျော်ပြီဖြစ်ပြီး ရည်းစားက ကိုယ်ဝန်ကို တာဝန်မယူဘဲထွက်ပြေးခဲ့လို့ ကလေးမွေးစရိတ် လိုအပ်တဲ့အတွက် အခုလို ကျူးလွန်ရတာလို့ ဝန်ခံထားပါတယ်။ 

ရဲတွေက သူ့ထွက်ဆိုချက်တွေကို အကုန်ယုံကြည်မှုမရှိသေးဘဲ အခြားကြံရာပါတွေရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up