close

လပွတ္တာမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီအမတ်လောင်းကို ခဏဖမ်းပြီး ပြန်လွှတ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီအမတ်လောင်းဟောင်း တယောက်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ခဏဖမ်းဆီးခဲ့ပြီး အဲဒီနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ဦးစန်းမင်းကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ပြီး လာရောက်ဖမ်းဆီးခဲ့ပေမဲ့ ဖမ်းဆီးပြီး ၃ နာရီလောက် အကြာမှာ အထက်ကဖုန်းဆက်ကာ ဖိအားပေး ညွှန်ကြားလာတာကြောင့် အာမခံပေးကာ ပြန်လွှတ်ပေးခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူက လပွတ္တာကို ပြီးခဲ့တဲ့ရက်က မုန်တိုင်းဝင်တုန်းက ရေလုပ်သားတွေ သစ်ပင်ပေါ် တက်နေရတာကို ဓာတ်ပုံရိုက် လိုင်းပေါ်တင်တာ၊ အဲဒါကို နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ နဲ့ အမှုက ဖွင့်ပြီးပြီ။ သွားလည်းဖမ်းတယ်၊ ဖမ်းပြီးမှ ပြန်လွှတ်ပေးလိုက်ရတာ။”

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပုဒ်မ ၅၀၅ နဲ့အဖမ်းခံရရင် ပြန်မလွှတ်ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဝင် အဖမ်းခံရပြီး နာရီပိုင်းနဲ့ ပြန်လွတ်လာတဲ့အပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မုန်တိုင်းကြောင့် မိုးရွာသွန်းတာနဲ့ပတ်သက်ပြီး လိုင်းပေါ်တင်မိခဲ့တဲ့ မအူပင်မြို့က ဒေသခံ ပြည်သူတဦးကိုတော့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up