ကံကောင်းပြီး ဆာလက်ကို ၂ ကြိမ်စလုံး အနိုင်ရခဲ့ခြင်းဖြစ်ဟု မာနေး ပြော

လီဗာပူးအသင်းဖော် ဆာလက်ကို ပြိုင်ပွဲ ၂ ကြိမ်စလုံးမှာ အနိုင်ရခဲ့တာက ကံကောင်းမှုကြောင့်ဖြစ်တယ်လို့ မာနေးက ပြောပါတယ်။
မာနေး ဦးဆောင်တဲ့ ဆီနီဂေါအသင်းဟာ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆာလက် ဦးဆောင်တဲ့ အီဂျစ်ကို အနိုင်ရဗိုလ်စွဲခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
မာနေးက “ကျနော်က ၂ ကြိမ်စလုံး အနိုင်ရပြီး သူက ၂ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရတယ်။ ကျနော်က ကံကောင်းခဲ့တာကြောင့် နိုင်ပွဲတွေ ရခဲ့တာပါ။ အာဖရိကဖလားချန်ပီယံဆုနဲ့ ကမ္ဘာ့ဖလားဝင်ခွင့် ရခဲ့တာတွေက ဂုဏ်ယူစရာကောင်းပြီး ကျနော်အမြဲတမ်း အိပ်မက်ခဲ့ရတဲ့အရာတွေပါ” လို့ ပြောပါတယ်။
ဆီနီဂေါအသင်းဟာ အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပေမဲ့ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုကတော့ အများရဲ့ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
ဆာလက် ပင်နယ်တီမကန်ခင်မှာ ဆီနီဂေါပရိသတ်တွေ လေဆာမီးတွေထိုးပြီး နှောင့်ယှက်ခဲ့သလို အီဂျစ်ကစားသမားတွေကိုလည်း လူမျိုးရေးခွဲခြားတဲ့ သင်္ကေတတွေနဲ့ လှောင်ပြောင်ခဲ့ကြတာပါ။
ဒါ့အပြင် ပွဲချိန်အတွင်းနဲ့ ပွဲအပြီးမှာလည်း အီဂျစ်ကစားသမားတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး လုံခြုံရေးအကူအညီနဲ့ ကွင်းပြင်ကို ထွက်ခဲ့ရပါတယ်။
မာနေးနဲ့ ဆာလက်တို့ ၂ ဦးဟာ ပြိုင်ဘက်တွေအနေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ရက်ပိုင်းအတွင်းမှာပဲ လီဗာပူးအသင်းမှာ ပြန်လည်တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။