close

စစ်တပ်ပစ်သတ်မှုကြောင့် ဘုန်းကြီးတပါးအပါအဝင် ကျဆုံးသူပေါင်း ၁၇၂၃ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၄၀ ယောက်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိအယောက် ၁၀,၀၀၀ လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၈၉၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ လွိုင်ကော်ပညာရေးကောလိပ်ကျောင်းဆင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ကျောင်းဆရာ ခူးလယ်ဝါးကို က ယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တရားရုံးက မတ် ၁၄ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အလားတူ မတ် ၁၄ ရက်မှာပဲ လွိုင် ကော်မြို့နယ်တရားရုံးက လွိုင်ကော်ပညာရေးကောလိပ် ပထမနှစ်ကျောင်းသားဖြစ်တဲ့ ကိုစည်သူကိုလည်း မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၆ ရက်ည ၈ နာရီအချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာ၊ လည်ပေါ်ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးပဉ္စင်းဖိုးသိန်းကို အကြမ်းဖက် စစ်အုပ်စုတပ်သားတွေက ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါတပ်သားတွေဟာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဝင်ရောက်လာခဲ့ပြီးနောက် ဦးပဉ္စင်းဖိုးသိန်း သီတင်းသုံးတဲ့ ကျောင်းဆောင်ကို ဝိုင်းထား ခဲ့ကြောင်း၊ ဆူညံသံတွေ ကြားတာကြောင့် ထွက်ကြည့်တဲ့ ဦးပဉ္စင်းဖိုးသိန်းကို ပစ်သတ်ခဲ့တာလို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up