close

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွား၊ နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး ဒေသခံများ တိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်းကျေးရွာအနီးမှာ မတ် ၃၀ ရက် ည ၉ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတွေက လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တောင်ကြာအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့တဲ့အပြင် တောင်ပေါ်ကျောင်းစေတီကိုပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကြာအင်းကျေးရွာသားတဦးက “မြောက်ကြာအင်း တံတားဘက်မှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီတပ်တွေ နယ်ကျော်လာတော့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ဖြစ်တာ။ ညက ခလရ ၉၇ တပ်ကနေပြီး လက်နက်ကြီးပစ်တော့ ရွာထဲလူတွေ ညတွင်းချင်းထွက်ပြေးရတယ်။ အခုထိ ရွာထဲပြန်ဝင်မရဲသေးဘူး။ စကစနဲ့ BGFတွေ လှုပ်ရှားနေတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်လို့ မရသေးတဲ့အပြင် စားသောက်ရေးအတွက် ကျေးရွာအတွင်းကို အမျိုးသားတွေက တိတ်တဆိတ်ပြန်ဝင်ယူပြီး ပြန်လည်တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တောင်ကြာအင်းကျေးရွာ အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ နီးပါးနဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေပါ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပါတယ်။

မတ် ၁၇ ရက်က တောင်ကြာအင်းကျေးရွာမှာ BGF တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံခဲ့ရသလို  ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းရှေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၇ တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခတ်တာတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up