close

ဧရာဝတီတိုင်းတွင် မှတ်ပုံတင်အမြန်ရရှိရန် ဘော်ဒါကြေးအနည်းဆုံး ၅ သောင်းပေးနေရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ မှတ်ပုံတင်အမြန်ရရှိရေးအတွက် ဘော်ဒါကြေး အနည်းဆုံး ၅ သောင်းပေးနေရတယ်လို့ သိရပါတယ်။

ဧပြီလကစတင်ပြီး ခရီးသွားလာဖို့အတွက် မှတ်ပုံတင်ရှိမှ သွားလာနိုင်မှာဖြစ်တာကြောင့် မှတ်ပုံတင်အမြန်ရရှိဖို့ ပြုလုပ်လာချိန်မှာ ခုလိုမျိုး ဘော်ဒါကြေးတောင်းတာတွေ ပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

“အရင်က မှတ်ပုံတင်က ရှိတယ်၊ ယာဉ်မောင်းလိုင်စင်လည်းရှိတယ်။ မှတ်ပုံတင်ပျောက်တော့ ယာဉ်မောင်း လိုင်စင်နဲ့ သွားနေရတာ၊ ခုမှတ်ပုံတင်ရှိမှရမယ်ဆိုတော့ ရုံးကိုသွားလုပ်ရတာ။ အလုပ်နဲ့ဆိုတော့ အမြန်ရအောင် လုပ်ပေးဖို့ပြောတော့ ဘော်ဒါကြေးဆိုပြီး တောင်းတာ ၇ သောင်းပေးခဲ့ရတယ်” လို့ ပုသိမ်မြို့ခံကုန်ကား မောင်းသူတဦးက ပြောပါတယ်။

စစ်ကောင်စီက ခရီးသွားလာတဲ့အခါ မှတ်ပုံတင်ကို မဖြစ်မနေပြရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြီးနောက်ပိုင်းမှာ မြို့နယ်အလိုက်မှာရှိတဲ့ လဝက ရုံးတွေမှာ မှတ်ပုံတင်လာလုပ်တဲ့သူတွေ များပြားလာတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လဝက ဌာနက ကျေးရွာတွေထဲထိ လိုက်လံကာ ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးတာရှိပေမယ့် ခရီးလွန်နေလို့ မလုပ်နိုင်သူတွေအနေနဲ့ ရုံးမှာသွားလုပ်တဲ့အခါ အမြန်ရရှိဖို့အတွက် ဘော်ဒါကြေးပေးနေရတာလို့ အများစုက ပြောပါတယ်။

မှတ်ပုံတင်အမြန်ရရှိဖို့အတွက် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ လဝကရုံးက ဝန်ထမ်းတွေကို အနည်းဆုံး ဘော်ဒါကြေး ၅ သောင်းကနေ ၁ သိန်းကြား ပေးနေရတယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up