close

ဇွဲကပင်တောင်ပေါ် ပျောက်ဆုံးနေသည့် တက္ကသိုလ်ကျောင်းသူ သေဆုံးလျက်တွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်ကို ဘုရားဖူးလာရောက်ရင်း ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူတယောက်ရဲ့  ရုပ်အလောင်း ဧပြီ ၁ ရက် ဒီနေ့ မနက် ၇ နာရီခွဲလောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီက သိရပါတယ်။

မတ်လ ၃၀ ရက်က ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇွဲကပင်တောင်တက်လမ်း၊ အထက်ရေတံခွန်အလွန်၊ ဘုရားလေးအနီးရှိ မရမ်းပင်အောက်မှာ သစ်ရွက်တွေနဲ့ ဖုံးအုပ်လျက်သား ဘားအံမြို့နယ်မီးသတ်ဦးစီဌာနတပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၊ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းရှာဖွေ့ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

အလောင်းပြန်လည်တွေ့ရှိချိန် သေဆုံးသူရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ့ရှိခဲ့ရပြီး အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာပို့ဆောင်ထားပါတယ်။

သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက “ဒီနေ့မနက်မှာ ပြန်တွေ့တယ်။ အလောင်းကိုတော့ သစ်ရွက်တွေနဲ့ ဖုံးထားလျက် တွေ့ရတယ်။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာတွေတယ်။ ရုပ်အလောင်းကိုတော့ ဆေးရုံကြီးကို ပို့ထားပြီး ဘာဖြစ်တယ်ဆိုတာ စစ်ဆေးပြီးမှ သိရမယ်။ တရားခံကတော့ ပြောလို့မရသေး။ ရဲတွေစုံစမ်းနေတုန်းပဲ”လို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ဘားအံမြို့နယ်၊ ဘားကပ်၊ တောကြီးကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် မဇာခြည်လှိုင်ဖြစ်ပြီး၊ ဒုတိယနှစ်(သင်္ချာ) တက္ကသိုလ် ကျောင်းသူ ဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နိုင်ငံခြားသားခရီးသွား ၁ ဦး၊ ၂၀၂၀ ပြည့်နှစ်မှာ ဒေသခံ ဘားအံတက္ကသိုလ်ကျောင်းသူ ၁ ဦး၊ ကျောင်းသား ၁ ဦး ဇွဲကပင် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့ အထွဋ်အမြတ်ထားရာ သမိုင်းဝင်ဆံတော်ရှင်ဘုရား တည်ရှိသလို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်တဲ့ အထင်ကရတောင် ဖြစ်ပါတယ်။

ဇွဲကပင်တောင်မှာ သေမှုသေခင်းတွေ ဖြစ်ပွားနေတဲ့အတွက် ဇွဲကပင်သမိုင်းနဲ့ အလှတရားကို အကျည်းတန် ရုပ်ဆိုးအောင် မပြုလုပ်သင့်သလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေကပါ ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up