close

ပခုက္ကူမြို့နှင့်ဂန့်ဂေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူမြို့နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ မတ် ၃၁ ရက်နဲ့ ဧပြီ ၁ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ပခုက္ကူမြို့က ပခုက္ကူတက္ကသိုလ်ကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၁ ရက် မနက် ၁ နာရီဝန်းကျင်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး ကျဆုံးခဲ့တယ်လို့ Pakokku North Defense PDF က ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်းထဲမှာ စစ်ကောင်စီတပ်သားတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းကတည်းက တပ်စွဲထားတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တခြားကင်းစခန်းတခုလည်း သေနတ်နဲ့ ထပ်မံ ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

"တက္ကသိုလ်ကင်းစခန်းကို ပစ်တာ၊ ပထမ ကျောင်းဝင်းထဲမှာ တပ်စွဲတဲ့ စခန်းကို ရှော့ဒုံးနဲ့ပစ်တယ်၊ နောက်တော့မှ တပ်ဆုတ်လာပြီး နောက်ထပ် ကင်းစခန်းကို သေနတ်နဲ့ပစ်ပြီး တပ်ဆုတ်ခဲ့တာ။”

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ပခုက္ကူ မြို့ရှောင်လမ်းမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဂန့်ဂေါမြို့‌ပေါ် မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ကူးတံတားအနီး ဓမ္မာရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲပူးပေါင်းအဖွဲ့ကို မတ် ၃၁ ရက်ညက ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ် ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်ကျဆုံး ရှိနိုင်ပြီး ယောဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတွက် တံတားအနီး ဒေသခံတွေ အပြင်မထွက်ရဲကြဘဲ အိမ်တွင်းမှာ ပုန်းအောင်းနေထိုင်ကြရပြီး စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

မတ် ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါမြို့ပေါ်ရှိ နေအိမ်တချို့ကို ရှာဖွေပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွားပါတယ်။

လတ်တလောမှာ ဂန့်‌ဂေါနယ်အတွင်း စစ်ကောင်စီတပ်နဲ့ ယော PDF အကြား စစ်ရေးတင်းမာနေပြီး အချိန်နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ တရွာနဲ့တရွာ ကူးလူးဆက်သွယ်တာ မပြုကြဖို့လည်း ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up