မန္တလေး ထွေအုပ်ရုံးနှင့်ရပ်ကွက်ချုပ်ရေးမှူးရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း × ၈၇ (D) လမ်းထောင့်ရှိ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် (ထ) အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီ ၁ ရက်နေ့ ည ၈ နာရီခွဲလောက်က တိုက်ခိုက်ခံခဲ့ရတာကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေကို မန္တလေးမြို့ပြပြောက်ကျား မဟာမိတ် တပ်ပေါင်းစုက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ ရဲဘော်အားလုံး လုံခြုံတဲ့နေရာ ပြန်ရောက်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် ၄၃ လမ်း၊ ၆၅ နဲ့ ၆၆ ကြားရှိ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မဟာမိတ်တပ်ပေါင်းစုက ဧပြီလ ၁ ရက်နေ့ ည ၆ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။
မြို့ပြ ပြောက်ကျားအဖွဲ့တွေက မဟာမိတ်ပူးပေါင်းပြီး စစ်ဆင်ရေး အရှိန်မြှင့်တင်နေပြီမို့ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်လက်နက်ကိုင်စွဲပြီးတိုက်မှ တိုက်ပွဲဝင်တာမဟုတ်ဘဲ တတ်နိုင်တဲ့ဘက်က ကူညီပေးကြဖို့နဲ့ CCTV တပ်ထားပါက ဖြုတ်ထားပေးကြဖို့ တောင်းဆိုထားပါတယ်။