ရုရှားက ဓာတုလက်နက်သုံးလျှင် အမေရိကန် တုံ့ပြန်မည်ဟု သမ္မတဘိုင်ဒင် ကြေညာ

ရုရှားက ယူကရိန်းကို ဓာတုလက်နက်အသုံးပြုတိုက်ခိုက်လာရင် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုပြောလိုက်ပါတယ်။
ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
အမေရိကန်သမ္မတဘိုင်ဒင်က “ပူတင်က ဓာတုလက်နက်အသုံးပြုရင် ကျနော်တို့ တုံ့ပြန်သွားမယ်။ သူအသုံးပြုမှု အခြေအနေပေါ်မူတည်ပြီး ကျနော်တို့ တုံ့ပြန်သွားမှာပါ” လို့ ပြောပါတယ်။
ဥရောပကောင်စီအစည်းအဝေးမစတင်ခင်မှာလည်း ဘိုင်ဒင်က “ပူတင်ဟာ အမေရိကန်နဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ မဟာမိတ်နိုင်ငံ ၃၀ ပါဝင်တဲ့ နေတိုးအဖွဲ့ကို ဖြိုခွဲဖို့လုပ်နေတယ်။ ဒါကို ကျနော် ဒုတိယသမ္မတာဝန်ယူကတည်းက ပြောလာတာပါ။ အခုလည်း အဲဒီအတိုင်း သူ လုပ်နေတယ်၊ ကျနော် အရိုးသားဆုံး ပြောတာပါ” လို့ သတင်းသမားတွေကို ပြောပါတယ်။