ရုရှားကျူးကျော်စစ်နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးအလားအလာ

ပြီးခဲ့တဲ့တလကျော်ကာလအတွင်း ရုရှားကျူးကျော်စစ်ဟာ ယူကရိန်းအရပ်ဘက်ပစ်မှတ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည် ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ ၁၀ သန်းကျော်အပြင် ယူကရိန်း နိုင်ငံသား ၁၃ သန်းလောက် စစ်ဘေးအန္တရာယ်ကြားမှာ လုံခြုံမှုကင်းမဲ့နေတယ်လို့ UNHCR က ကြေညာခဲ့ပါတယ်။
ယူကရိန်း ပြည်သူ သန်းပေါင်း ၄၀ လောက်မှာ ၄၅ ရာနှုန်းလောက် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ WFP စားနပ်ရိက္ခာအစီအစဉ်ကလည်း ကြေညာထားပြီး ဒီစစ်ပွဲရဲ့ ဂယက်ကြောင့် ရုရှားစီးပွားရေးဟာ ၁၀ ရာနှုန်းလောက်၊ ယူကရိန်းစီးပွားရေးဟာ ၂၀ ရာနှုန်းလောက် ကျုံ့ဝင်စရာရှိတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်ပွဲရဲ့ တခြား နောက်ဆက်တွဲဆိုးကျိုးတွေကို ကမ္ဘာကြီးဟာ ဆက်လက်ရင်ဆိုင်ကြရဖို့ ရှိနေပါတယ်။
အဲဒီဆိုးကျိုးတွေထဲက တခုကတော့ NPT လို့ အတိုကောက်ခေါ်တဲ့ Treaty on the Non-Proliferation of Nuclear Weapons နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်နဲ့ နိုင်ငံတကာ သဘောထား အလားအလာဖြစ်ပါတယ်။
နိုင်ငံငယ်လေးတွေဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားမှသာ နိုင်ငံကြီးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ စစ်ရေးခြိမ်းခြောက်မှု၊ ကျူးကျော်မှုတွေကနေ လုံခြုံဖို့ အာမခံချက်ရှိနိုင်မလားလို့ စဉ်းစားလေမလား စိုးရိမ်ကြသူတွေရှိလာပါတယ်။
၁၉၇၀မှာ အသက်ဝင်ခဲ့တဲ့ နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်ဟာ ၁၉၉၅ ခုနှစ်မှာ တိုးချဲ့လာခဲ့ပြီး နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံကြီး ၅ ခုအပါအဝင် ၁၉၁ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် အခုချိန်မှာတော့ နျူကလီယားလက်နက်ပိုင်ဆိုင်တာ နိုင်ငံ ၉ ခု ရှိလာခဲ့ပါပြီ။ (အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အစ္စရေးနဲ့ မြောက်ကိုရီးယား။)
စစ်အေးတိုက်ပွဲကာလအဆုံး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်ထားတဲ့ ဒုံးပျံ ဒုံးကျည် လက်နက်ပေါင်း ၂,၀၀၀ လောက်ပိုင်ဆိုင်နေပြီး ကမ္ဘာ့တတိယအင်အားအကြီးဆုံး နျူကလီယားလက်နက်ပိုင်ဆိုင်သူ ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ၁၉၉၄ ခုနှစ်မှာ ယူကရိန်းဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို သဘောတူခဲ့ပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်စာချုပ်အရ လုံခြုံရေးအာမခံချက် ကတိကဝတ်တွေနဲ့အတူ နျူကလီးယားလက်နက်တွေကို ရုရှားနိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဘူဒါပက်စာချုပ်မှာ ယူကရိန်းရဲ့လုံခြုံရေး အာမခံချက်အတွက် လက်မှတ်ရေးထိုးခဲ့ကြတဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံတွေအပါအဝင် တာဝန်အရှိဆုံး ရုရှားဟာ ယူကရိန်းရဲ့ နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို လေးစားပါ့မယ်ဆိုတဲ့ ကတိချိုးဖောက်ပြီး ကျူးကျော်စစ်ကို ဆင်နွှဲခဲ့တဲ့နောက် ယူကရိန်းနိုင်ငံသားတွေဟာ လုံခြုံရေး အာမခံချက်ဆိုတဲ့ စကားလုံးကို ဘယ်လိုစဉ်းစားနေကြမလဲ မေးခွန်းထုတ်စရာရှိပါတယ်။
ဂျာမဏီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကဆိုရင် ယူကရိန်းကို နေတိုးစစ်အုပ်စုစာချုပ်ထဲ ဝင်ခွင့်မပြုရင် နျူကလီးယား ပြန်လည်တပ်ဆင်ဖို့ပဲ ရွေးချယ်စရာရှိနိုင်တော့မယ်လို့တောင် ထုတ်ပြောခဲ့ဖူးပါတယ်။
ယူကရိန်းခေါင်းဆောင် ဇလန်းစကီး အစဉ်တစိုက်တောင်းဆိုနေတဲ့ လုံခြုံရေးအာမခံချက်ဟာလည်း No-Fly Zone သတ်မှတ်ချက်အဆင့်ထိရောက်အောင် အမေရိကန်နဲ့ နေတိုးစစ်အုပ်စု နိုင်ငံတွေက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နိုင်တဲ့အခြေအနေ မရှိပါဘူး။
အမေရိကန်နဲ့ နေတိုးစစ်အုပ်စုဝင်တွေက တင့်ကားဖျက်ဒုံးနဲ့ လေယာဉ်ပစ်ဒုံးလက်နက်တွေ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းဆီ ပေးပို့ထောက်ပံ့ကြတာကလွဲရင် ယူကရိန်းဟာ ရုရှားရဲ့ အင်အားသုံးကျုးကျော်စစ်ပွဲကို ကိုယ့်ဘာသာပဲ ရင်ဆိုင်နေခဲ့ကြရပါတယ်။
ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုနေကြတဲ့ ယူကရိန်းနိုင်ငံရဲ့ ကြားနေနိုင်ငံအဆင့်ဆိုတာ နေတိုးစစ်အုပ်စုမဝင်ဖို့အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ စစ်ရေး သဘောတူညီချက်စာချုပ်တွေ အလားအလာအပေါ် ဘယ်လိုသဘောတူညီချက်တွေ ဖြစ်လာနိုင်မလဲဆိုတာလဲ စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။
လုံခြုံရေးအာမခံချက်ပေးထားခဲ့ဖူးတဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်ခဲ့ရတဲ့နောက် ယူကရိန်းဟာ ၁၉၉၄ ခုနှစ်က နျူကလီးယား လက်နက်ဖြုတ်သိမ်းဖို့ သဘောတူခဲ့မိတာကို နောင်တရစရာများ ဖြစ်နေမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
အမေရိကန်နဲ့ ရုရှားကြားက နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးဖို့ အနာဂတ်အလားအလာအပေါ်မှာလည်း စိုးရိမ်ချက်တွေ ရှိလာတာကို ကမ္ဘာ့မီဒီယာတွေမှာတွေ့လာရပါတယ်။
ဒါ့အပြင် ရုရှားရဲ့ လက်နက်အင်အားအသာစီးနဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပုံကို စောင့်ကြည့်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆာင် ကင်ဂျုံအန်းအနေနဲ့လည်း သူ့ရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မူဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ တွေးကောင်းတွေး နေနိုင်ပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အီရန်လိုနိုင်ငံမျိုးကိုလည်း ထိန်းချုပ်ရ ခက်လာနိုင်မယ့် အလားအလာတွေ ဖြစ်လာနိုင်မလား စိုးရိမ်မူတွေ တွေ့လာရပါတယ်။
နျူကလီးယား မပိုင်ဆိုင်ရသေးတဲ့ နိုင်ငံငယ်တခုခုဟာလည်း စစ်အင်အားကြီး ဆူပါ ပါဝါတနိုင်ငံရဲ့ လုံခြုံရေးအာမခံ မဟာမိတ်တည်ဆောက်မှု မရှိခဲ့ရင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားမှ ဖြစ်တော့မယ်လို့ တွေးချင်စရာ ဖြစ်လာမှာပါပဲ။
နျူကလီးယားအိပ်မက်မက်နေကြတဲ့ စစ်အာဏာရှင်နိုင်ငံငယ်တွေထဲမှာ မြောက်ကိုရီးယားနဲ့ ပြန်ပေါင်းထုတ်နေကြတဲ့ မြန်မာ စစ်အာဏာသိမ်းအုပ်စုလည်း ပါဝင်လာနိုင်မလားဆိုတာလဲ နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်ရနိုင်တဲ့ အလားအလာတခုဖြစ်လာနိုင်ပါတယ်။
သန်းဝင်းထွဋ်
Ref:foreignpolicy.com