close

ကျောက်ထုက စစ်ရှောင် ၄၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်

မကွေးတိုင်းဒေသကြီး ကျောက်ထု IDPs စခန်း စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ WFP ယာဉ်တန်းကို စစ်ကောင်စီတပ်က တားဆီးခဲ့တာကြောင့် လှည့်ပြန်သွားရတယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ WFP ကားကို ဧပြီ ၂ ရက်နေ့ မနက်ပိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့အရောက်မှာ စစ်ကောင်စီတပ်တွေက တားဆီးတာကြောင့် ပခုက္ကူမြို့ဘက် လှည့်ပြန်သွားရတယ်လို့ ကျောက်ထု IDPs စခန်း ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကျောက်ထု စစ်ဘေးရှောင် Camp တွေကို ဧပြီ ၃ ရက်နေ့က WFP ရဲ့ အစီစဥ်နဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ကုလားပဲနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအတွက် ဖြည့်စွက် အာဟာရတွေ ဝေငှပေးမယ်လို့ ကြေညာထားပေမယ့် WFP ကားရောက်မလာနိုင်လို့ အစီစဥ်ဖျက်လိုက်ရပါတယ်။

ကျောက်ထုမြို့မှာ ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင် ပြည်သူတွေအပြင် ကျောက်ထုမြို့ အနီးပတ်ဝန်းကျင်ကနေ ပြည်သူ ၄၀၀၀ ကျော် လာရောက်ခိုလှုံနေကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတပါ။

ကျောက်ထု စစ်ဘေးရှောင်အကူညီပေးရေးကော်မတီ အဖွဲ့ဝင်တယောက်က  “ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ တခေါက်လာရင် စားနပ်ရိက္ခာ ၂ လစာ ထောက်ပံ့ပေးတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

WFP ကလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာတာ ၆ လလောက် ကြာနေပြီဖြစ်ပြီး ကော်မတီကနေ ဦးဆောင်ရှာဖွေနေရပြီး အခက်ခဲတွေရှိတယ်လို့ ကျောက်ထု စစ်ဘေးရှောင်အကူညီပေးရေးကော်မတီ အဖွဲ့ဝင်က ပြောပါတယ်။

“ကျမတို့ မြို့နယ်ဘက်ကတော့ လက်လုပ်လက်စား ဆင်းရဲတဲ့ ပြည်သူလူထုတွေများတာကြောင့် တခြားပြည်နယ်နဲ့ တိုင်းတွေလိုမျိုး တောင့်မခံနိုင်ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း မရှိသလောက်ပါပဲ။ ဆေးဝါးတွေဝယ်ရတာလည်း အခက်ခဲဖြစ်တယ်။ ဆေးရုံ ဆေးခန်း ပြဖို့လည်း မလွယ်ကူဘူး။” 

ကျောက်ထု IDPsစခန်းက တိုက်ပွဲရှောင်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီလိုအပ်နေတာကြောင့် ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ကော်မတီကနေတဆင့် တတ်နိုင်သရွေ့ ကူညီလှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up