ဟန်ဂေရီဝန်ကြီးချုပ်ဦးဆောင်သည့်ပါတီ ရွေးကောက်ပွဲအနိုင်ရ

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ပါတီက ဧပြီလ ၃ ရက်နေ့ ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ကြေညာပါတယ်။
ဝန်ကြီးချုပ်ရဲ့ အာဏာရ ဖီဒက်ဇ်ပါတီက ၄ ကြိမ်ဆက်တိုက် အပြတ်အသတ် အနိုင်ရတာလည်းဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၉၉ ဦး ရှိတဲ့ ပါလီမန်မှာ အော်ဘန်ရဲ့ပါတီက ၁၃၅ မဲ ရရှိပြီး အတိုက်အခံအုပ်စုက ၅၇ မဲ ရရှိတာပါ။
အမျိုးသားရေးပေါ်ပြူလစ်ဝါဒီ အော်ဘန်က ၂၀၁၀ ခုနှစ်ကတည်းက အာဏာရခဲ့တာဖြစ်ပေမဲ့ အသက် ၅၈ နှစ်ရှိ အော်ဘန်ရဲ့ အစိုးရမူဝါဒတွေက သံသယဖြစ်စရာတွေပါ။
ဟန်ဂေရီဟာ ၁၉၈၉ မှာ ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်လာပေမဲ့ အော်ဘန်ရဲ့ လက်ထက်မှာ ဒီမိုကရေစီနောက်ပြန် လျှောကျခဲ့ပါတယ်။
သတင်းစာလွတ်လပ်ခွင့်ပိတ်ပင်၊ လွတ်လပ်တဲ့တရားရေးစနစ် ဖျက်သိမ်းပြီး ပါတီစုံစနစ် ချည့်နဲ့အောင် လုပ်ခဲ့တာပါ။
ဗစ်တာအော်ဘန်ရဲ့ အစွန်းရောက်အမျိုးသားရေးပါတီကို အခု ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ ၆ ခုက ပူးပေါင်း တွန်းလှန်နေကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အော်ဘန်ဟာ ရုရှားသမ္မတပူတင်နဲ့ ဆက်ဆံနေသူတယောက်လည်း ဖြစ်ပါတယ်။