close

အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်စု ပထမနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ကစားခဲ့တဲ့ အရှေ့တီမောနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အုပ်စုပထမနေရာရဖို့ ဖိဖိစီးစီး ကစားခဲ့ပြီး ၁၀ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အုပ်စုတွင်း ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့ ဗီယက်နမ်နဲ့ ရမှတ်ချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်မှာ ၂ ဂိုးအသာ ရခဲ့တာကြောင့် အုပ်စုပထမနေရာ ရခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဗီယက်နမ်နဲ့ တဂိုးစီသရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာ သြစတြေးလျအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အုပ်စုပထမနေရာရခဲ့တဲ့ မြန်မာဖူဆယ်အသင်းဟာ လာမယ့် ဧပြီ ၈ ရက်မှာ တဖက်အုပ်စုမှာ ဒုတိယရခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ တခြားဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ ဗီယက်နမ်တို့ တွေ့ဆုံပါတယ်။

အခုပြိုင်ပွဲဟာ အာဆီယံ ဖူဆယ်ပြိုင်ပွဲဖြစ်ပေမယ့် အာရှခြေစစ်ပွဲစဉ် အဖြစ်လည်း သတ်မှတ်ထားပြီး ပထမ၊ ဒုတိယနဲ့ တတိယရရှိတဲ့ အသင်း ၃ သင်းက အာရှခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းကို ထိုင်းလူမျိုး နည်းပြ ဘွန်လတ်က တာဝန်ယူ ကိုင်တွယ်နေပြီး ခြေစွမ်းတိုးတက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up