close

မလေးရှားသွားမည့် မြန်မာအယောက် ၄၀ ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား အယောက် ၄၀ ကို ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၆ ရက်မနက်အစောမှာ  ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက ရာဘာစိုက်ခင်းတခုထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဖမ်းမိသူအယောက် ၄၀ ထဲမှာတော့ အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်ပါဝင်ပြီး ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းရာမှာ ရန်ကုန်၊ ရခိုင်၊ ထားဝယ်နဲ့ ချင်းစတဲ့ ဒေသအသီးသီးက လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့အုပ်စုဟာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲကို တောလမ်းက ပြီးခဲ့တဲ့ မတ် ၃၁ ရက်က ဝင်ရောက်လာခဲ့ကြပြီး အဲဒီကနေတဆင့် ပစ်ကပ်ကား ၃ စီးနဲ့ ဆဒေါင်းကို လာရောက်ခဲ့ကြတာလို့ ပြောပါတယ်။

မြန်မာလုပ်သားတွေနဲ့အတူ ယာဉ်မောင်းတွေထဲက အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသားတယောက်ကိုလည်း ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လိုက်ပို့တဲ့ ယာဉ်မောင်းတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူတို့ဟာ မလေးရှားနိုင်ငံ ပီနန်ဘက်က အလုပ်ပွဲစားတယောက်နဲ့ ချိတ်ဆက်ပြီး တယောက်ကို ကနဦး ပွဲစားခထက်ဝက် ကျပ် ၃ သိန်းစီ ပေးခဲ့ကြရကာ ကျန်တဲ့တဝက်ကိုတော့ မလေးရှားရောက်မှ ပေးကြရမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို ဆဒေါင်းရဲစခန်းဆီ မလွှဲပြောင်းခင်မှာ ကိုဗစ်-၁၉ ရောဂါရှိမရှိ ဥပဒေအရ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး နေရပ်ပြန်ပို့နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ခုကာလတွေအတွင်း မြန်မာနိုင်ငံဘက်ကနေ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ ရနောင်းနဲ့ ကန်ချနဘူရီခရိုင်တွေထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ပိုများပြားလာနေပြီး အများစုကတော့ တောင်ပိုင်းခရိုင်နယ်စပ်ဆီ မရောက်ခင်မှာပဲ ဖမ်းဆီးခံနေရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up