close

ပေါက်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ဧပြီ ၇ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ရေကျော်ရွာကို ဧပြီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၃၀၀ လောက်ရှိတဲ့အနက် ၁၅ အိမ်လောက်ပဲ ကျန်တော့တယ်လို့ ရေကျော်ရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ကျောင်းကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဧပြီ ၇ ရက် ညနေ ၄ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကျောင်းကုန်းရွာ ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ လောက်ရှိတာဗျ။ နေအိမ် ဘယ်လောက် မီးလောင်ဆုံးရှုံးသွားတယ် ဆိုတာ အတိအကျ အတည်မပြုနိုင်သေးဘူး။ ဘယ်သူမှလဲ နေအိမ်ကို မပြန်ရဲကြဘူး။ ဘေးလွတ်ရာ တောထဲတွေမှာ ဖြစ်သလို နေနေကြရတယ်။ ကျနော်တို့ တောသူတောင်သားတွေမှာ နေအိမ်တလုံးဖြစ်မြောက်ဖို့ အနည်းဆုံး ၆ နှစ်လောက် စုဆောင်းပြီးမှ တည်ဆောက်ကြရတာ။ဖက်ဆစ်ထက်ကို ဆိုးရွားတဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာဟာ စစ်ရာဇတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ။ သူတို့တွေလည်း ပြည်သူ့မေတ္တာစူးပြီး တူညီတဲ့ဆိုးကျိုးတွေ ခံစားရမှာပါ။"

စစ်ကောင်စီစစ်ကြောင်း ဝင်လာတာနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရပြီး ဆန် ဆီတွေလည်း မသယ်နိုင်သလို မိုးကာတွေလည်း မပါကြဘဲ ထန်းပင်အောက်တွေ သစ်ပင်အောက်တွေမှာ ဖြစ်သလို နေကြရကာ အနီးနားက ရွာတွေကို မှီခိုစားကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဧပြီ ၇ ရက် နေ့လယ်ပိုင်းကလည်း ရဟတ်ယာဉ်တစီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျွန်းရင်းရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်တွေ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် မတ် ၃၁ ရက်အထိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းအတွင်း အိမ်ခြေ ၁၂၉၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up