close

ဒေါ်လာငွေလဲနှုန်း ကန့်သတ်မှုကြောင့် ရာဘာဈေးနှုန်း ကျဆင်း

မွန်ပြည်နယ် ရာဘာဈေးကွက်မှာ အရင် ရာဘာ ၁ ပေါင် ကျပ် ၁,၁၀၀ ပေါက်ဈေးရှိရာနေ အခု ၉၀၀ ကျပ်ဝန်းကျင်အထိ ဈေးကျဆင်းလာနေတယ်လို့ ရာဘာရောင်းဝယ်နေသူတွေက ပြောပါတယ်။

ရာဘာဈေးနှုန်း ကျဆင်းလာတာဟာ အဓိက ဗဟိုဘဏ်မှ ဒေါ်လာဈေးနှုန်း ကန့်သတ်လိုက်တာကြောင့် ဖြစ်သလို ဈေးကွက်ကို တဦးတည်းထိန်းချုပ်ချင်တာ၊ သင်္ကြန်ကာလလည်း နီးလာတာမို့ ဈေးကို ရသလောက်ညှစ်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"အခုချိန်က ရာဘာတောင်သူတွေ မရောင်းသေးဘဲ အခြေအနေကို ခေတ္တစောင့်ကြည့်တာ ကောင်းပါတယ်။ မြန်မာပြည်မှာသာ ဈေးကျပြီး ထိုင်းဈေး၊ ဂျပန်ဈေး၊ တရုတ်ဈေး မကျဘဲ  ဈေးနှုန်းတည်ငြိမ်တဲ့အချိန်ကို စောင့်ကြည့် လေ့လာစေချင်ပါတယ်။"

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပကရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချဖို့ အပါအဝင် နိုင်ငံခြားသုံးငွေတွေကို ပြည်ပကို လွှဲပြောင်းရင်လည်း နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဧပြီ ၃ ရက်နေ့မှာ ညွှန်ကြားခဲ့တာပါ။

စစ်ကောင်စီဘက်က ဒေါ်လာဈေးနှုန်း ကန့်သတ်ထားတာကြောင့် ရာဘာတပေါင်ကို ကျပ် ၂၀၀ နီးပါးထိ ဈေးနှုန်းကျဆင်းလာသလို ဈေးကွက်မှာလည်း ကြိုက်ရောင်း ကြိုက်ဝယ် အခြေအနေတရပ် ဖြစ်လာနေပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေတဲ့ အချိန်မှာ ရာဘာဈေးနှုန်း ကျဆင်းလာတာကြောင့် တွက်ခြေမကိုက်တဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ ခြံရှင်တွေက ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက ၅ သိန်းကျော်ရှိနေတဲ့ ပြည်နယ်တခုဖြစ်ပြီး နှစ်စဉ် ရာဘာတန်ချိန် ၁ သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ရာဘာတွေကို တရုတ်က အဓိက ဝယ်ယူနေပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အသစ်ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ၊ အထည်ချုပ် လုပ်ငန်းတွေအပြင် ဒေါ်လာငွေနဲ့ အသုံးပြုလည်ပတ်နေကြတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက အစ NGO တွေအဆုံး သက်ရောက်မှုရှိလာမှာကို စိုးရိမ်နေကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up