အရာတော်မြို့နယ် ရှောက်ခါးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ရှောက်ခါးကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဒီနေ့ ဧပြီ ၈ ရက်နေ့ မနက်ခင်း ၃ နာရီလောက်က ဝင်ရောက်ခဲ့ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “သူတို့ မနက်ခင်းကတည်းက ရွာအနီးကို ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထုလို့ ရွာထဲကလူတွေလည်း ထွက်ပြေးနေရတယ်။ ဘာကြောင့် အခုလို လုပ်တာလဲဆိုတော့ တိုက်ပွဲလည်း မဖြစ်ပါဘူးဗျာ။ ဒါ သက်သက် လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်တာပါ။ အခုလည်း ကျနော်တို့ရွာပေါ်မှာ လေယာဉ်ဝဲနေတယ်ဗျ။ လက်ရှိ ကျနော်တို့ အဝေးကနေ မြင်နေရတာကတော့ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတာ မြင်နေရတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာသားတွေ ရွာနားကပ်မရတာကြောင့် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မရသေးဘူးလို့ ဆိုပါတယ်။
“(---) တွေ၊ ဘာတွေကို မီးရှို့နေတယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ရွာအနီးလည်း ရွာသားတွေ ကပ်လို့မရသေးဘူး။ အခုအချိန်အထိ လက်နက်ကြီးတွေ တဂျိမ်းဂျိမ်းနဲ့ ပစ်နေတုန်းပဲ။အခုလို ကျေးရွာအတွင်းဝင်ရောက်ပြီး ဥပဒေမဲ့ လုပ်တောင်နေတာကို ဒေသခံတယောက်အနေနဲ့ ဘာပြောချင်လဲဆိုတော့ ပြောစရာစကားလည်း မရှိတော့ပါဘူးဗျာ။ ဒီကောင်တွေအတွက် နှိုင်းစရာ စကားကို မရှိတော့ဘူး။ ကျနော်တို့ ဒေသခံတွေရဲ့အသက် မသေရင် ပြီးတာပါပဲ။”
အခု စစ်ကောင်စီက မီးရှို့နေတဲ့ ရှောက်ခါးကျေးရွာဟာ အိမ်ခြေ ၃၁၇ အိမ်ရှိတဲ့ ရွာတရွာဖြစ်ပြီး လူဦးရေ ၁,၃၀၀ ကျော် ဘေးလွတ်ရာကို ရှောင်ပုန်းနေကြရတယ်လို့ သိရပါတယ်။စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် မတ် ၃၁ ရက်အထိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းအတွင်း အိမ်ခြေ ၅,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ ထုတ်ပြန်ချက်အရ သိရပါတယ်။