ယူကရိန်းဒုက္ခသည်များကို ဥရောပကော်မရှင်နှင့်ကနေဒါအစိုးရက ယူရို ၉ ဘီလီယံကျော်ကူညီမည်

ရုရှားကျူးကျော်မှုကြောင့် ထွက်ပြေးရတဲ့ ယူကရိန်းဒုက္ခသည်တွေကို ကနေဒါအစိုးရနဲ့ ဥရောပကော်မရှင်တို့အပါအဝင် အလှူရှင်တွေက ယူရို ၉ ဒသမ ၁ ဘီလီယံ ကူညီထောက်ပံ့လှူဒါန်းဖို့ ကတိပေးလိုက်ပါတယ်။
ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ပြုလုပ်တဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေပွဲမှာ ယူကရိန်းပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် ယူရို ၁ ဒသမ ၈ ဘီလီယံ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေအတွက် ယူရို ၇ ဒသမ ၃ ဘီလီယံ ရရှိခဲ့တာပါ။
အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေက ယူရို ၄ ဒသမ ၁ ဘီလီယံ လှူဒါန်းဖို့ ကတိပြုခဲ့တာပါ။ အဲဒီလှူဒါန်းမှုကို ကုလသမဂ္ဂ သို့မဟုတ် ယူကရိန်းအစိုးရကတဆင့် ပေးပို့သွားမှာပါ။
ဥရောပသမဂ္ဂက ယူရို ၅ ဘီလီယံ လှူဒါန်းခဲ့ပြီး၊ ယူရို ၄ ဘီလီယံကို ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် နေအိမ်၊ ကျန်းမာရေး၊ ပညာရေး အစီစဉ်တွေ ဆောင်ရွက်မှာပါ။
ရန်ပုံငွေရှာပွဲအခမ်းအနားကို ယူကရိန်းသမ္မတက “ငြိမ်းချမ်းရေးရရှိဖို့ ရုရှားတပ်တွေကို မောင်းထုတ်ဖို့အတွက် ဒီမိုကရက်တစ်ကမ္ဘာက အရာရာကို လုပ်ဆောင်ရပါမယ်။ ရုရှား တပ်မှူး၊ တပ်သားတွေဟာ ယူကရိန်းပြည်သူတွေအပေါ် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေကို တာဝန်ယူရမယ်၊ ရုရှားဘဏ်တွေ ရုရှားရေနံတွေကို ပိတ်ဆို့ဆန့်ကျင်ရပါမယ်။ ကျနော် လက်နက်နဲ့ ငွေကြေးအကူအညီ တောင်းခံပါတယ်။ အိမ်တွေက ထွက်ခွာသွားရတဲ့ ယူကရိန်းပြည်သူ ၁၀ သန်းအတွက်ပါ။ ဒီမိုကရေစီကမ္ဘာက ကူညီကြပါ။ ယူကရိန်းပြည်သူတွေရဲ့ ရဲဝံ့သတ္တိက လေးစားမှုနဲ့ ထိုက်တန်ပါတယ်၊ ရုရှား စစ်ရာဇဝတ် ယန္တရား ဆက်လည်ပတ်နိုင်စွမ်းမရှိအောင် လုပ်ဆောင်ကြရမယ်” လို့ ဗွီဒီယိုကတဆင့် ပြောခဲ့ပါတယ်။