ပေါက်မြို့နယ် ဒိန်ကွင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် ဒိန်ကွင်းရွာကို ဧပြီ ၁၀ ရက်နေ့ ဒီကနေ့မနက် ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၇၀ လောက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒိန်ကွင်းရွာသားတစ်ယောက်က “ဒိန်ကွင်းရွာက ယခင်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကင်းမအုပ်စုထဲမှာ ပါဝင်ပြီး အိမ်ခြေ ၄၀ လောက်ပဲရှိတာဗျ။ အခု စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို့ တရွာလုံး ပြာကျသွားပြီ။ ကျနော်တို့မှာ ပြန်စရာအိမ်လည်း မရှိတော့ဘူး၊ ပြန်လည်း မပြန်ရဲသေးဘူး။ တောထဲ တောင်ထဲတွေက ဘေးလွတ်ရာနေရာတွေနဲ့ နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ ခိုကပ်ပြီးနေနေကြရတယ်” လို့ ပြောပါတယ်။
ပေါက်မြို့နယ် တပ်ကုန်းရွာနားက ယောချောင်းအနီးမှာလည်း ဧပြီ ၆ ရက်နေ့ကစလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာ ၃ ရက်လောက်ရှိပြီဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က ၇ ယောက်လောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ SPGF က ရဲဘော် ၃ ယောက်ကတော့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၇ ရက်နေ့မနက်ပိုင်းမှာ ရေကျော်ရွာက အိမ်ခြေ ၂၀၀ ကျော်လောက်နဲ့ ကျောင်းကုန်းရွာက အိမ်ခြေ ၈၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
ကျေးရွာတွေ မီးရှို့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အမြဲတမ်း ငြင်းဆိုလေ့ရှိပြီး PDF တွေ ရှို့တယ်ဆိုပြီး သတင်းအမှား ထုတ်လွှင့်ဝါဒဖြန့်လေ့ရှိပါတယ်။