လားရှိုးမြို့တွင် မီးလောင်မှု ဖြစ်ပွား

ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက် ၇၊ နယ်မြေ ၄၊ ရန်ကင်းလမ်းရှိ အမှတ် ၆ နေအိမ် တန်းလျားမှာ ဧပြီ ၁၀ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်က ရေနွေးအိုးတည်ရာက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတဦးက “၈ နာရီမထိုးခင် အဲဒီနားရောက်တဲ့ချိန် မီးခိုးလုံးတွေ အများကြီးဖြစ်နေပြီ။ ဘူတာဘက် မိုးတွေ သည်းပြီး မီးလောင်တဲ့နေရာက မိုးမရွာဘူး" လို့ ပြောပါတယ်။
ဗဟိုမီးသတ်ရုံးက မီးသတ်ကားတွေနဲ့ ရပ်ကွက် မီးသတ်ကားတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းက ၃ မိနစ် ရေနွေးအိုးနဲ့ ရေနွေးတည်ရာကနေ စတင် လောင်ကျွမ်းတာလို့ လားရှိုး မီးသတ်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။
နွေရာသီလည်းဖြစ်၊ အပူချိန်လည်း မြင့်မားတာကြောင့် ပြည်သူတွေအနေနဲ့ မီးကို အရင်ကထက် ပိုဂရုစိုက်စေလိုကြောင်း မီးသတ်ရုံး တာဝန်ရှိက ဆိုပါတယ်။
“အပြင်သွားရင် ကိုယ်တည်ထားတဲ့ ထမင်းအိုး၊ ရေနွေးအိုးတွေကို မီးပလပ်တွေ ဖြုတ်သွား၊ ကိုယ့်အိမ် စိတ်ချရအောင် မိန်းတွေချခဲ့။ အရင်ကထက် ပိုပြီးမီးကို ဂရုစိုက်စေချင်တယ်။”
မီးလောင်မှုကြောင့် နေအိမ်တလုံး လောင်ကျွမ်းသွားပြီး တန်ဖိုး ၁၃ သိန်းဖိုး ဆုံးရှုံးတယ်လို့ သူက ရှင်းပြပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ထမင်းအိုးတည်ထားရာကနေ ရပ်ကွက် ၈၊ မန်ဆူဟိုတယ်ရှေ့က အင်ကြင်းလမ်းထဲမှာ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။