ပေါက်မြို့နယ် ဇီးတောရွာကို စစ်တပ်က မီးရှို့၊ ဒေသခံ ၈၀ ထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ဘက် ဇီးတောရွာကို ဧပြီ ၁၀ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၈၀ ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၆ ရက်နေ့က စစ်ကောင်စီ လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကား ၃ စီးကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၇ ဦး ကျဆုံးခဲ့တာကြောင့် အခုလို ဇီးတောရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက တောင်ဘက်ဇီးတောရွာကို မီးရှို့ဖျက်စီးပြီး ကျေးရွာနေပြည်သူ ၈၀ ထက်မနည်းကိုလည်း ဇီးတောရွာ စာသင်ကျောင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ည ၈ နာရီခွဲလောက် စစ်တပ်ကဝင်လာတာ၊ သူတို့ကို ပျူစောထီးအဖွဲ့နဲ့ ရဲတွေက လမ်းပြတယ်။ ကျေးရွာအနောက်ပိုင်းက စပြီး မီးနဲ့ရှို့တယ်။ ရွာက လူ ၈၀ လောက်ကိုလည်း ဖမ်းထားတယ်။”
အိမ်ခြေ ၂၅၀ ကျော် ရှိတဲ့ ဇီးတောကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာတမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ရွာထဲ တပ်စွဲထားတာကြောင့် နေအိမ်ဘယ်နှလုံး ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုတာ မသိရသေးပါဘူး။