close

ခေတ်မီနည်းပညာဒရုန်းတွေရဲ့ ယူကရိန်းစစ်မြေပြင် အခင်းအကျင်း

မဟာအင်အားကြီးနိင်ငံ ရုရှားရဲ့ ကျုးကျော်စစ်ကိုရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ ခုခံစစ်ကာလ ၁ လခွဲကျော်ကာလဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ရေးပညာရှင်တွေ လေ့လာဆင်ခြင်ရမယ့် ပုံမှန်မဟုတ်တဲ့ စစ်ပွဲအခင်းအကျင်း ဖြစ်လာပါတယ်။​ 

ခေတ်မီနည်းပညာတွေရဲ့ အခန်းကဏ္ဍထဲမှာလည်း ရန်သူကို ဒုက္ခပေးရာမှာ အထင်ရှားဆုံးကတော့ ဒေါ်လာထောင်ဂဏန်းပဲ​တန်ကြေးရှိတဲ့ အရပ်ဘက်သုံး ဒရုန်းယာဉ်ပျံအငယ်စားတွေပဲ ဖြစ်ပါတယ်။​

DJI Mavic 3 ဒလက်လေးခုပါ ဒရုန်းတွေရဲ့ စစ်မြေပြင်မြင်ကွင်း ဗွီဒီယိုတွေကိုလည်း ပြီးခဲ့တဲ့လအတွင်း အတော်များများ တွေ့ခဲ့ကြရပါတယ်။ 

ယူကရိန်းစစ်တပ်မှာ အရင်က Drone Unit ဒရုန်းအထူးတပ်ဖွဲ့ မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ယူကရိန်းစစ်မြေပြင် ကောင်းကင်မှာ အရပ်ဘက်သုံး ကစားစရာအဆင့် ဒရုန်းတွေ ထောင်နဲ့ချီပြီး ပျံသန်းနေကြတဲ့နောက် သူတို့ဟာ ယူကရိန်းစစ်တပ်ရဲ့ ကောင်းကင်ပေါ်က မျက်လုံးတွေ ဖြစ်လာကြပါတယ်။ ဟိုဘက်ရွာမှာ၊ ဟိုဘက် ၁ မိုင်ကျော်မှာ ဘာဖြစ်နေလဲ သိနေကြရပါတယ်။

ဒုံးပျံပစ်လွှတ်ဖို့ ရုရှားတပ်တွေက ပြင်ဆင်နေကြတာကို မြင်ရတဲ့အခါ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ဖို့ အချိန်ရလာပါတယ်။​ ဒါ့ပြင် မြို့တော် ကီယက်ဗ်ကို ချီတက်လာတဲ့ ရုရှား စစ်ယာဉ်တန်းကို နှောင့်ယှက်နိုင်ခဲ့သလို ညဘက်ချုံခိုတိုက်ခိုက်မူတွေမှာလည်း ဗုံးကြဲ တိုက်ခိုက်မူတွေမှာ စစ်သုံးဒရုန်းတွေ ပါဝင်လာပါတယ်။​

တန်ဖိုးနည်း ဒရုန်းတွေအသုံးပြုပြီး ဒေါ်လာသန်းနဲ့ချီတန်တဲ့ ရုရှားတင့်ကားတွေ၊ သံချပ်ကာကားတွေကို ဖျက်ဆီးတိုက်ခိုက်နိုင်လာတဲ့အခါ နိုင်ငံတကာစစ်ရေး ဥပဒေသတွေမှာ စာမျက်နှာအသစ်တွေ တိုးလာပါတယ်။ ဒရုန်းဟာ ခေတ်မီစစ်ပွဲတခုရဲ့ အဆုံးအဖြတ်ပစ္စည်းတခု ဖြစ်လာပါတယ်။​

အရပ်ဘက်သုံးအဆင့် ဒရုန်းအသေးစားတွေက စစ်မြေပြင်ထောက်လှမ်းရေး အချက်အလက်တွေကို စုဆောင်းပေးနိုင်သလို တူရကီလုပ် ဘိုင်ယက်တာ  Bayraktar TB2 လို စစ်သုံးဒရုန်းတွေက ရှရှားတင့်ကားတွေ၊ ဒုံးကျည်လောင်ချာပစ်စင်ကားတွေကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံ အခြေစိုက် UA Dynamics ကုမဏီက ထုတ်လုပ်တဲ့ Punisher အပြစ်ပေးသူဆိုတဲ့ ဒရုန်းအသေးစားဟာ ၄ပေါင် အလေးချိန်ရှိတဲ့ ဗုံးကို သယ်ဆောင်နိုင်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုကလည်း AeroVironment ကုမ္ပဏီထုတ် Switchblades ဒရုန်းလက်နက် ၁၀၀ ကျော် ပို့ဆောင်ပေးထားပါတယ်။ ယူကရိန်း စစ်မြေပြင်ကောင်းကင်မှာ ဒရုန်းစီးရေ ထောင်နဲ့ချီပျံသန်းနေကြပြီး အများစုကတော့ အရပ်သုံးကစားစရာအဆင့် ဖြစ်ပါတယ်။ လာမယ့် ၃ နှစ်လောက်အတွင်းမှာ စစ်သုံးဒရုန်းရောင်းဝယ်မူက ဒေါ်လာသန်းပေါင်း ၁ သောင်း ၈ ထောင် (၁၈ ဘီလီယံ) ထိ မြင့်တက်လာနိုင်တယ်လို့ စစ်ရေးသုတေသီတွေက ခန့်မှန်းကြပါတယ်။ 

စစ်ပြေးဒုက္ခသည်တွေ ကယ်ဆယ်ရေးနဲ့ ဆေးဝါး၊ သွေးပုလင်း စတဲ့ပစ္စည်းပို့ဆောင်ရေးအတွက် US အခြေစိုက် Droganfly ဒရုန်း ၁၀ စီး ရောင်းချထားပါတယ်။ တချို့ မော်ဒယ်တွေက မြေမြှုပ်မိုင်းတွေကို ခြေရာခံနိုင်ပါတယ်။ လာမယ့် သြဂုတ်လမှာ နောက်ထပ်အစီး ၂၀၀ ယူကရိန်းဆီ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

အမေရိကန် အခြေစိုက် Aquiline ကုမ္ပဏီကလည်း Spartacus Hurricane လို့အမည်ရတဲ့ ဒေါ်လာ ၃၀၀၀ တန် ဒရုန်းအစီး ၄၀ ယူကရိန်းကို ပေးပို့လှူဒါန်းထားပြီးတော့ သူတို့ဟာ ရှာဖွေရေး ကယ်ဆယ်ရေးနဲ့ အကူအညီ ပစ္စည်းတွေ ပေးပို့နိုင်ပါတယ်။ နောက်ထပ် အစီးရေ ၁၀၀၀ လောက် ထပ်ပို့ဖို့ ရှိတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ 

Skydio လို့ အမည်ရတဲ့ နောက်ထပ် အမေရိကန် ဒရုန်းကုမ္ပဏီတခုကလည်း လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်နိုင်ဖို့ ဒေါ်လာ ၃ သိန်းဖိုး ယူကရိန်းဆီ ပေးပို့လှူဒါန်းထားပါတယ်။ အဲဒီဒရုန်းက သစ်ပင်တွေ အိမ်တွေကို အလိုအလျောက် ရှောင်တိမ်းနိုင်ပြီး သူ့ကို စီးပွားဖြစ် အသုံးချဖို့ ထုတ်လုပ်တဲ့အပြင် အမေရိကန်စစ်တပ်ရဲ့ စောင့်ကြည့်ရေးလုပ်ငန်းအတွက်လည်း ရောင်းချပါတယ်။ 

ရုရှားစစ်တပ်ကလည်း ယူကရိန်းနည်းတူ အရပ်သားအဆင့် ဒရုန်းတွေ အသုံးချနေပြီး DJI Mavic 3 တွေ ပါဝင်တယ်လို့ ယူကရိန်း ဓာတ်ပုံတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ အပြန်အလှန် ဒရုန်းစစ်မျက်နှာမှာတော့ ယူကရိန်းက အသာစီးရနေပြီး ရုရှားတွေရဲ့ ဒရုန်း ၂၆ စင်းထိ ယူကရိန်း ဖမ်းမိထားပါတယ်။​

ဒရုန်းအသေးစားတွေဟာ ရုရှားလေကြောင်း ခုခံရေးစနစ်က ဆက်သွယ်မှု ပြတ်တောက်စေတဲ့ Jam Radio လှိုင်းတွေ ခံရနိုင်ပေမယ့် ရုရှားနည်းပညာဟာ ယူကရိန်း စစ်မြေပြင်မှာ မထိရောက်တာကို တွေ့ရပါတယ်။ 

လက်ရှိဒရုန်းတိုက်ပွဲမှာတော့ တူရကီလုပ် ဒေါ်လာ ၁ သန်းတန် ဘိုင်ရက်တာ TB2 ဒရုန်းလက်နက်ဟာ ဒေါ်လာ သန်းပေါင်း ရာနဲ့ချီတဲ့ ရုရှားတင့်ကားတွေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်နေပြီး ယူကရိန်းစစ်သားတွေကတော့ ဘိုက်ရက်တာ နာမည်ကို သီချင်းလုပ်ဆိုနေကြပါတယ်။​

သန်းဝင်းထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up