close

ခရမ်းမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့  ဒီနေ့လယ်က   ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၁၀ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)၊ ပဲခူးခရိုင် PDF တပ်ရင်း (၁)၊ တပ်ခွဲ (၂) (ကဝ KPDF) ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ခရမ်းဒေသခံတဦးက "အဲ့ဒီ စစ်ဆေးရေးဂိတ်က အစစ်အဆေး ကြမ်းတယ်။ ပိုက်ဆံယူတာတွေလည်းရှိတယ်။ မနက် ၁၁ နာရီကျော်လောက် တိုက်ပွဲ ဖြစ်တာ ပစ်တာခတ်တာက တနာရီလောက်တော့မရှိဘူး။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ စစ်တပ်ဘက်က သေဆုံးတာတွေရှိတယ်။ ကျနော်တို့လည်း  ဘေးလွတ်ရာ ခဏရှောင်နေရတယ်" လို့ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဇွဲတွန်စစ်ဆေးရေးဂိတ်ဟာ ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလပိုင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up