ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်မှု သန်း ၅၀၀ နီးပါး၊ သေဆုံးသူ ၆ သန်းကျော်ရှိဟု WHO ထုတ်ပြန်

ကမ္ဘာတဝန်းမှာ ဧပြီ ၁၃ ရက်ထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ စုစုပေါင်း သန်း ၅၀၀ နား နီးလာပြီး သေဆုံးသူဦးရေက ၆ ဒသမ ၁၈ သန်း ကျော်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။
WHO က ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆုံးရ ကူးစက်မှု အစီရင်ခံစာထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၄၉၇ သန်း ကျော်လာပြီး သေဆုံးသူ စုစုပေါင်းဦးရေက ၆ ဒသမ ၁၈ သန်း ကျော်နေပါပြီ။
အဲဒီထဲမှာ ဧပြီ ၄ ရက်ကနေ ၁၀ ရက်အတွင်း ကမ္ဘာတလွှား ကူးစက်ခံ ၇ ဒသမ ၂၂ သန်း ရှိခဲ့လို့ အရင်သီတင်းပတ်ကထက် ၂၄ ရာခိုင်နှုန်း တိုးလာတာပါ။ သေဆုံးသူအသစ် ဦးရေကတော့ အရင်အပတ်ကထက် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
နိုင်ငံအများအပြားက ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်မဟုတ် စစ်ဆေးတဲ့ အရေအတွက် လျှော့ချခဲ့ပေမဲ့ ကမ္ဘာတလွှား ကူးစက်နှုန်းက ဆက်မြင့်နေတယ်လို့လည်း အစီရင်ခံစာက ပြောပါတယ်။
ကာကွယ်ဆေး မထိုးရသေးတဲ့ လူတွေကြားမှာ ကူးစက်ခံရမယ့်ဘေးက မြင့်နေသလို သေဆုံးနှုန်းလည်း ဆက်မြင့်နေတုန်းပဲလို့ အစီရင်ခံစာက ပြောပါတယ်။
ပိုကူးစက်မြန်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲဟာ တခြားမျိုးကွဲတွေရဲ့ ကူးစက်နှုန်းကို အမြန်ကျော်ဖြတ်ပြီး ခုတော့ ကမ္ဘာတလွှား ကူးစက်လွှမ်းမိုးတဲ့ ဗီဇမျိုးကွဲ ဖြစ်လာခဲ့တယ်လို့လည်း အစီရင်ခံထားပါတယ်။