close

ပူတာအိုအကျဉ်းထောင်မှ ခိုးမှုနှင့်မူးယစ်ဆေးမှု အကျဉ်းသား ၆ ဦးသာ ပြန်လွတ်

ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်က ကချင်ပြည်နယ် ပူတာအို နမ်ဟော့အကျဉ်းထောင်ကနေ ခိုးမှုနဲ့ မူးယစ်ဆေးအမှု အကျဉ်းသား ၆ ဦးသာ လွတ်မြောက်လာတယ်လို့ အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

“နှစ်သစ်မှာ လွှတ်ပေးလိုက်တဲ့သူတွေက လူကောင်းတစ်ယောက်မှမပါဘူး။ ခိုးမှု၊ မူးယစ်ဆေးသမားတွေပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထောင်ကျသူတွေတဦးမှ မပါဘူး။” 

ပူတာအိုခရိုင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ သူခိုးတွေ ပေါများလာတဲ့အချိန် အခုလိုပြန်လွှတ်ပေးတာက ပူတာအိုဒေသကို ဒုက္ခပေးရာရောက်တယ်လို့ ပူတာအိုလူငယ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်ခိုးခံရမှု၊ အိမ်ဖောက်ထွင်းခံရမှုတွေ အရမ်းများလာတယ်။ ဒီရက်ပိုင်းဆိုလည်း ဆိုင်ကယ်မကြာခဏ ခိုးခံရတာရှိတယ်။ ဒီလိုအခြေနေမှာ မူးယစ်ဆေးသမားနဲ့ သူခိုးတွေပြန်လွှတ်ပေးတာက ပူတာအို‌ဒေသပြည်သူများကို စိတ်ဒုက္ခပေးလိုက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက် ကျန်ရှိပြီး ဖေဖော်ဝါရီ ၈ ရက်က မတရားဖမ်းဆီးခံရသူ ရ၀မ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်လည်း ဒီနေ့ချိန်ထိ ပူတာအိုအကျဉ်းထောင်မှာ ချုပ်နှောင်ခံရပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထားတာပါ။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ  စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း  ၁၀,၂၃၈ ဦးရှိပြီး ဒီအထဲက  ၉၉၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up