close

သပိတ်ကျင်း ကျောက်ဖြူရွာ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ နေအိမ် ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးအုပ်စု ကျောက်ဖြူကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အလုပ်အမှုဆောင် ဥက္ကဋ္ဌရဲ့ နေအိမ်ကို ဧပြီ ၁၈ ရက်က ဖျက်ဆီးခံခဲ့ရပါတယ်။

ည ၁၀ နာရီလောက် ဆိုင်ကယ်စီးနဲ့ လူနှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

‌ရွာခံတဦးက “မနေ့ညက ၁၀ နာရီလောက် ဆိုင်ကယ်နှစ်စီးက လမ်းကြားထဲကို ဝင်လာတာ၊ ဝင်လာခဲ့ပြီးတော့မှ သေနတ် ၆ ချက်၊ ၇ ချက်လောက် ဖောက်တယ်။ ဖောက်ပြီးတော့မှ အိမ်ထဲကိုဝင်ပြီးတော့ အကုန်လုံး ရိုက်ချိုးရိုက်ဖဲ့လုပ်တာ။ သူတို့ ရိုက်ဖျက်ပြီးတဲ့အချိန် ၁၁ မတ်တင်းလောက် ရောက်တဲ့အခါကျတော့ စစ်ကောင်စီကား ၃ စီးရယ်၊ အုပ်ချုပ်ရေးမှူး ဒေါ်စန်းယုခိုင်ရယ်၊ သူ့ယောက်ျား ငတိုးရယ်၊ နောက်တခုက ကြံ့ခိုင်ရေးပါတီဝင် ဦးမြတ်ဇော်ရယ်၊ သူတို့သုံးယောက် ပါတယ်ပေါ့ဗျာ၊ စစ်ကောင်စီ ကားတွေနဲ့အတူ သူတို့ပါလာကြတာပေါ့‌ဗျာ။ လာကြပြီးတော့မှ အိမ်အနီးအနားမှာ ဘာဖြစ်ကြတာလဲပေါ့၊ ဘယ်သူက လုပ်တာလဲ ဘာညာမေးပြီးတော့မှ  ပြန်သွားကြတယ်” လို့ ပြောပါတယ်။

အဆိုပါ နေအိမ်မှာ လူနေထိုင်ခြင်း မရှိကြောင်းနဲ့ အိမ်ကို ရိုက်ချိုးဖျက်ဆီးသလို  အသံမိုင်းနှစ်လုံးလည်း ခွဲသွားတယ်လို့ သိရပါတယ်။

အခုလို နေအိမ်ဖျက်ဆီးတာကို  PDF က ပြုလုပ်ခဲ့တာလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါ်စန်းယုခိုင်နဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးမြတ်ဇော် အပါအဝင်၊ ဆေးဆရာ ငတိုး တို့က ရပ်ရွာအတွင်း သတင်းအမှားတွေ ဖြန့်ဝေပြောဆိုနေကြတယ်လို့ ဆိုပါတယ်။

ကျေးရွာနေပြည်သူတွေကတော့ အန်အယ်လ်ဒီ ပါတီ အလုပ်အမှုဆောင်ဥက္ကဋ္ဌရဲ့ နေအိမ်ကို  စစ်အုပ်စုဘက်က လုပ်ဆောင်တာလို့  ပြောဆိုနေကြပါတယ်။

နေအိမ်ဖျက်ဆီးခံခဲ့ရတဲ့ ကျောက်ဖြူကျေးရွာ အန်အယ်လ်ဒီ ပါတီ အလုပ်အမှုဆောင်ဥက္ကဋ္ဌဟာ ၅၀၅(က) ပုဒ်မနဲ့ ဖမ်းဝရမ်းအထုတ်ခံထားရပြီး အရင်ကတည်းက လာရောက်ရှာဖွေဖမ်းဆီးဖူးတာကြောင့် မိသားစုဝင်အားလုံး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း အန်အယ်လ်ဒီ ပါတီဝင်တွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှာ ညောင်ပင်သာကျေးရွာက အန်အယ်လ်ဒီပါတီ ရပ်ကျေးဥက္ကဋ္ဌရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် သားဖြစ်သူကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up