close

ဒီပဲယင်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတွေကို ဧပြီ ၁၉ ရက်က စတင်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ် အင်အား ၇၀-၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဧပြီ ၁၉ ရက် မနက်ပိုင်းက စတင်ပြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြတာလို့ ဆိုပါတယ်။

ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဟာ စစ်ဘေး၊ မီးဘေးကြောင့် အခက်အခဲ ဒုက္ခရောက်နေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေရှိရာ နေရာတွေကို သွားရောက် ကူညီပေးနေတာဖြစ်ပြီး လက်ရှိမှာ အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါး အကူအညီများစွာ လိုအပ်နေတယ်လို့ အဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ ညောင်လှရွာနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူ အရေအတွက် သောင်းဂဏန်းအထက်ရှိတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီပဲယင်းမြို့နဲ့ ရေဦးမြို့တို့က ထွက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ဧပြီ ၁၉ ရက် ညက ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှာ တပ်စွဲကာ ပြည်သူပိုင်နေအိမ် ၁၅ လုံးလောက်အထိ မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲအိုးကျေးရွာအရှေ့ဘက် မူးခတွင်းရွာမှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၇၀ အရွယ် အဘိုးအဘွား ၂ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်။

ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ညောင်လှရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာလုံးကျွတ် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မီးသတ်စခန်းရှိ မီးသတ်ကားတွေနဲ့ ကျေးရွာတွင်းရှိ ကောက်ရိုးပုံတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာအရှေ့ပိုင်းမှာလည်း ပြည်သူတဦးကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အလှူရှင်ပြည်သူတွေအနေနဲ့ ပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီကြဖို့နဲ့ လှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အကူအညီ တောင်းခံထားပါတယ်။

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up