close

ဖောင်းပြင်မြို့နယ်တွင် ရှမ်းနီတပ် ဆက်ကြေးလာမကောက်ရန် ဒေသခံ PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ လက်နက်အပြည့်စုံနဲ့ ဆက်ကြေးလာရောက်ကောက်ခံနေတာတွေရှိနေတဲ့အတွက် လက်သင့်မခံနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Paungbyin People Defence Force က ဧပြီ ၂၆ ရက်က ထုတ်ပြန်လိုက်ပါတယ်။

SNA ကအခွန်ကောက်တယ်လို့ဆိုပေမဲ့ အခွန်ကောက်ခံတဲ့ သဘောတရားနဲ့ သက်ဆိုင်ခြင်းမရှိပဲ ဆက်ကြေးလို့ပဲသတ်မှတ်တယ်လို့  ဖောင်းပြင်  PDF  က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ  NUG  ရဲ့ ဥပဒေနဲ့အညီ အခွန်ကောက်‌နယ်မြေဖြစ်ပြီး ဒေသခံပြည်သူတွေကလည်း  SNA ကို ဆက်ကြေး မပေး ဆောင်လိုကြဘူးလို့ ဆိုပါတယ်။

ဖောင်းပြင် PDF အဖွဲ့ဝင်တစ်ဦးက "သူတို့မှာ အခွန်ဆိုတာ ကောက်ပိုင်ခွင့်မရှိဘူး။ လက်နက်ကိုင်ပြီး ဆက်ကြေးတောင်းတာလို့ သတ်မှတ်ထားတယ်။ အခု လုပ်ငန်းတွေကို အခွန်ဆောင်ရမယ်ဆိုပြီး လိုက်ခြိမ်းခြောက်နေတာ။ ဥပဒေအရ အခွန်ကောက်မယ်ဆိုရင်ပြည်သူ့ဆန္ဒနဲ့အညီ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကပဲ ကောက်ခံပိုင်ခွင့်ရှိတယ်။ အခု သူတို့လုပ်ရပ်က အဓိပ္ပာယ်မှ မရှိတာ ၊ ပြောရရင် ဒီ ဘက်ကို နယ်ချဲ့ဆက်ကြေးတောင်းတဲ့ သဘောပဲ" လို့ ပြောပါတယ်။

အခွန်ရဲ့သဘောသဘာဝဟာ အခွန်ကောက်ခံသူနဲ့ အခွန်ပေးဆောင်သူတို့ နှစ်ဦး နှစ်ဘက်သဟဇာတ ဖြစ်ဖို့ လိုအပ်ပြီး ဖောင်းပြင် PDF  အနေနဲ့ ပြည်သူလူထုနဲ့ သဟဇာတမဖြစ်တဲ့ ဘယ်လို့ ကောက်ခံမှုမျိုးကိမဆို ပြည်သူ့အကျိုးစီးပွားအတွက်အကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA  ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တချို့အပါဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်စတဲ့ နေရာတချို့မှာပါ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အခွန်ကောက်တဲ့ကိစ္စ တားမြစ်မှုကို ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up