လီဗာပူးနှင့် သက်တမ်းတိုးခဲ့မှု ဇနီးဖြစ်သူဆန္ဒ ပါဝင်ကြောင်း ကလော့ပ်ဖွင့်ဟ

လီဗာပူးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ရာမှာ ဇနီးဖြစ်သူရဲ့ဆန္ဒကြောင့်လည်း ပါဝင်တယ်လို့ နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။
ကလော့ပ်ဟာ လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်သေးပေမယ့် ရလဒ်ကောင်းတွေ ရရှိအောင်စွမ်းဆောင်ထားတာကြောင့် အသင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီး နောက်ထပ် ၂ နှစ်သက်တမ်းတိုးခဲ့တာပါ။
ဒီလို အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုးခဲ့ရာမှာ ဇနီးဖြစ်သူအူလာရဲ့ ဆန္ဒက အကြောင်းပြချက်တခုဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။
“ဘာဖြစ်လို့ သက်တမ်းထပ်တိုးခဲ့သလဲဆိုတဲ့ မေးခွန်းကိုဖြေရမယ်ဆိုရင် ကျနော့်ဇနီးဖြစ်သူ အူလာကလည်း လီဗာပူးမှာ ဆက်နေချင်တာကြောင့်ပါပဲ။ ဇနီးဖြစ်သူက ဒီမြို့မှာ ဆက်နေချင်တဲ့အချိန်မှာ ခင်ပွန်းကောင်းတဦးအနေနဲ့ ဘာလုပ်မလဲဆိုတော့ ဒီမှာဆက်နေဖို့ပဲ ဆုံးဖြတ်မှာပါ။ ဒါက တခုတည်းသော အကြောင်းပြချက်တော့မဟုတ်ပါဘူး။ ကျနော်အသင်းကို ချစ်တယ်။ ဒီနေရာက အကောင်းဆုံးနေရာဖြစ်ပြီး ကျနော်ဟာလည်း ကံကောင်းခဲ့ပါတယ်” လို့ နည်းပြကလော့ပ်က ပြောပါတယ်။
ကလော့ပ်ဟာ ၂၀၀၅ ခုနှစ်က အရင်အိမ်ထောင်နဲ့သားတဦးရှိတဲ့ လက်ရှိ ဇနီးဖြစ်သူ အူလာဆန့်ဒ်ရော့နဲ့ လက်ထပ်ခဲ့တာပါ။
ကလော့ပ်ဟာလည်း လက်ရှိဇနီးဖြစ်သူ အူလာနဲ့ လက်မထပ်ခင်မှာ ဆာဘီနီဆိုတဲ့ အမျိုးသမီးနဲ့ သားတဦးရှိခဲ့ပါတယ်။