close

စစ်ကောင်စီလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအသုံးစရိတ်က ကာကွယ်ရေးအသုံးစရိတ်ထက် ၅ ဆနည်း

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဥပဒေအရ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ်ရဲ့  ၄ ရာခိုင်နှုန်းအောက်မှာရှိပြီး  ကာကွယ်ရေး အသုံးစရိတ်နဲ့ယှဉ်ရင် အဆ ၅ ဆ လောက် နည်းပါးနေပါတယ်။

၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဥပဒေပါ ဖော်ပြချက်အရ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၆၉၄,၆၆၂ ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁၇,၉၉၃,၃၉၃ ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။

ကာကွယ်ရေးအတွက် အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၃,၇၀၃,၈၆၆,၇၉၈ ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁၇,၉၉၃,၃၉၃ ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀ ဒသမ ၅ ရာခိုင်နှုန်းရှိတာပါ။ ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ်က လျှပ်စစ်နဲ့စွမ်းအင် အသုံးစရိတ်ထက် ၅ ဆ ပိုများနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က နှစ်စဉ်များခဲ့ပြီး မှတ်တမ်းတွေအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့  ၂၂ ဒသမ ၇၃ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့ပါတယ်။

အလားတူ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့ ၂၅ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာလည်း စုစုပေါင်းအသုံးစရိတ်၏ ၂၂ ဒသမ ၂၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့  ၂၀ ရာခိုင်နှုန်း အထက် နှစ်စဉ် အသုံးပြုခဲ့တာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူတွေ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် စိုက်ထုတ်ပေးနေတဲ့ စွမ်းအင်အသုံးစရိတ်ကို အကြမ်းဖက်စစ်ကောင်စီက စစ်ရေးမှာ သုံးစွဲလိုက်တယ်လို့ အင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။

“အရင်ကတော့ အစိုးရက နှစ်စဉ် ကျပ်သန်းပေါင်း ၄၀၀ ကနေ ၈၀၀ အထိ စိုက်ပေးထားတာ။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုပေါ့။ အဲဒီလို စိုက်ပေးရတာတောင်မှ သူတို့က စိုက်ချင်စိတ်မရှိဘူး။ ဒီပေးရမယ့် BOT နိုင်ငံခြားကုမ္ပဏီတွေကို မပေးတဲ့အခါကျတော့ သူတို့ကလည်း ဒါစာချုပ်အရ ဖောက်ဖျက်ခွင့်ရသွားတယ်။ ဓာတ်ငွေ့နဲ့လုပ်တဲ့စက်ရုံတွေမှာ စာချုပ် ချုပ်တုန်းက နောက်ထပ် ၅ နှစ်တာကာလကို ဒီစျေးနဲ့ဘဲ ပေးရမယ်လို့ ချုပ်ထားတယ်။ အခုက စျေးကတက်လာတော့ လုပ်ငန်းရှင်တွေအနေနဲ့ တော်တော်စိုက်ထုတ်ရမယ့် အခြေအနေပါ။ အဲဒီ့အခြေအနေမှာ ဒီငွေကို မပေးဘဲနဲ့ စစ်ရေးမှာ သုံးလိုက်တဲ့အခါကျတော့ လုပ်ငန်းရှင်က သူတို့ကို ငွေမပေးတဲ့အတွက် စာချုပ်အရ စွန့်ခွာသွားတဲ့အခါမှာ ပြည်သူတွေအဖို့ ဒီလိုလျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာရတာ” လို့ ဆိုပါတယ်။

ဒါကြောင့်ပဲ လက်ရှိမှာဆိုရင် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နယ်မြို့တွေမှာ လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ အချိန်ပိုင်းသာ ရရှိတဲ့အတွက် လျှပ်စစ်နဲ့အသုံးပြုနေရတဲ့ လုပ်ငန်းတွေအားလုံး အခက်ကြုံနေရပါတယ်။

အထည်ချုပ်ဝန်ထမ်း ထောင်ဂဏန်းရှိတဲ့ အထည်ချုပ်လုပ်ငန်းရှင်တဦးက “တချို့လည်း ဆက်လက် မရပ်တည်နိုင်တော့လို့ ရပ်နားရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတာပဲ။ ကိုယ်တွေ လက်တွေ့လည်း တွေ့နေ မြင်နေရတာပဲ။ လျှပ်စစ်မီးပေးတာ လျော့နည်းလာတော့ ကျနော်တို့က မီးစက်တွေ သုံးဖို့အတွက် ရွေးချယ်စရာ မရှိတော့ဘူး။ သုံးရတော့မှာ ပေါ့။ အဲ့တော့ မဖြစ်မနေ သုံးရမယ့်ဟာကိုပဲ သုံးပြီး ချွေတာလို့ ရမယ့်နေရာကို ချွေတာပြီးတော့ပဲ (survival) အသက်ဘေး က လွတ်အောင်သွားနေရတာပေါ့။ ကျနော်တို့က အော်ဒါတွေတော့ ရှိပါသေးတယ်။ ရှိပေမဲ့ ကျနော်တို့ဝင်ငွေဆိုတာက လုပ်သားတွေရဲ့ လခပါ။ ဒီပိုက်ဆံတွေကို လောင်စာဆီဖိုးနဲ့ မီးရှို့ဖို့ ဖြစ်လာတာက မဖြစ်သင့်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ရန်ကုန်မြို့နေအိမ်ရှင်မတဦးကတော့ “၄ နာရီခြား အလှည့်ကျ မီးပေးမယ်ဆိုပြီး ထုတ်ပြန်ထားတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအတိုင်း အချိန်အတိအကျရတာ မဟုတ်ဘူး။ မီးလာတဲ့ အချိန်လေး ထမင်းအိုး တည်တာတောင် ထမင်းအိုး မကျက်ခင် မီးက ပြန်ပျက်သွားတာ။ အဲ့ဒါမျိုးက မကြာခဏ ဖြစ်တာနော်။ ဒီတော့ အရင်က ရှိခဲ့တဲ့ မီးသွေးခေတ်၊ ဖယောင်းတိုင်ခေတ်ဆီ မြန်မာပြည်က ပြန်သွားနေပြီ ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏက မဂ္ဂါဝပ် ၄၀၀၀ ဝန်းကျင်သာရှိပြီး ဒီပမာဏထဲက အစိုးရပိုင်းမှ ထုတ်လုပ်နိုင်မှုက ၄၀ ရာခိုင်နှုန်းကျော်သာပါဝင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းက ပုဂ္ဂလိကကဏ္ဍက ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက လျှပ်စစ်ဓာတ်အားထုတ်ယူမှုအပိုင်းမှာ  အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေမှာ  တရုတ်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး ၃ ပုံ ၂ ပုံအထိ ရှိပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၀ လေးနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက အရင်စစ်အစိုးရတွေလက်ထက်ကထက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ထုတ်လုပ်လာနိုင်ခဲ့ပြီး တနိုင်ငံလုံး ရှိလူဦးရေရဲ့  ၅၄ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အား အသုံးပြုနေရပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့်ဘဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၈၀၀၀ ကျော်မဂ္ဂါဝပ်၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) နဲ့ ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားဖို့  မျှော်မှန်းထားခဲ့ပေမဲ့ ဒီရည်မှန်းချက်တွေက  စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up