close

ထီးလင်း၊ ရေမျက်နီရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ၊ ရေမျက်နီ ရဲစခန်းကို မေ ၂ ရက် မနက် ၅ နာရီလောက်က YDF ထီးလင်းအထူးကွန်မန်ဒိုတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ YDF ထီးလင်းကနေ သိရပါတယ်။

ဒီနေ့မနက် ၅ နာရီလောက်မှာ ရဲစခန်းရဲ့ လေးဘက်လေးတန်ကနေ တိုက်ခိုက်ခဲ့တာလို့ YDF-ထီးလင်းရဲ့ခေါင်းဆောင်က ပြောပါတယ်။

“ရေမျက်နီ ရဲစခန်းက ရဲတွေနဲ့  ကျနော်တို့ဆီကတပ်ဖွဲ့ဝင်တွေ ဖုန်းအဆက်သွယ်ရတယ်ဗျ။ အဲဒီလိုဆက်သွယ်တဲ့အခါ ကျနော်တို့ဆီက ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကို မကြာခင်စခန်းသိမ်းတိုက်ပွဲတွေလာတော့မှာ။ ဒါကြောင့်မို့ ပြည်သူနဲ့ အမြန်ပူးပေါင်ပြီး လက်နက်နဲ့ တကွအလင်းဝင်ကြဖို့ ပြောဆို စည်းရုံးပြောဆိုတာလေးတွေရှိတယ်ဗျ။ သူတို့ဘက်က ဆဲဆိုပြီးတော့ မလာနိုင်ဘူး။ မလုပ်နိုင်ဘူး။ မင်းတို့ သတ္တိရှိရင် အချိန်မရွေးလာပစ်လို့ရတယ်လို့ ပြောတော့ ရဲဘော်တွေက စိတ်ခုသွားလို့ အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့တိုက်တာ၊ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား တယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိတာကို အတည်ပြုနိုင်ပြီး တပ်တိုးတွေလည်း ရှိနိုင်သေးတယ်။ ” 

ရေမျက်နီ ရဲစခန်းမှာက ရဲတွေအပြင် စစ်ကောင်စီတပ်သားတွေပါ တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ လောက်ကြာမြင့်ခဲ့ကာ  PDF ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ YDF ထီးလင်းတာဝန်ခံက ပြောပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို  စစ်ကောင်စီတပ်သား သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ သီခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။  

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း ထီးလင်းမြို့နယ်၊ ဝါးဘိုချောင်းရွာ ၂ ည အိပ်ပြီးထွက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၁ စစ်ကြောင်းနဲ့ YDF ကင်းထောက်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ YDF ကဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ ကျေးရွာပေါင်း ၇၄ ရွာရှိတဲ့အနက်  ကျေးရွာပေါင်း ၇၁ ရွာကို YDFက ထိန်းချုပ်ထားပြီးလို့ ကြေညာထားပြီနောက် ရဲစခန်းရှိတဲ့ရွာတွေကို YDF ထီးလင်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ထီးလင်းမြို့နယ် ကျဉ်းရွာရဲစခန်းကို YDF ထီးလင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်နိုင်လို့  စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေကြဖို့  မိဘပြည်သူတွေကို YDF ထီးလင်းတပ်က အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up