ထိပ်တန်းအသင်းများကို ယှဉ်နိုင်ရေး ငွေကြေးသုံးစွဲခွင့်ပေးရန် စပါးနည်းပြကွန်တီ တောင်းဆို

ထိပ်တန်းအသင်းတွေအား ယှဉ်နိုင်ဖို့အတွက် ငွေကြေးသုံးစွဲခွင့်ပေးဖို့ စပါးအသင်းကို နည်းပြ ကွန်တီက တောင်းဆိုလိုက်ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေရဲ့ ခြေစွမ်းဟာ တခြားအသင်းတွေနဲ့ ကွာဟမှုရှိနေပြီး ဒီလိုကွာဟမှုတွေကို ကျဉ်းမြောင်းစေဖို့ဆိုရင် လီဗာပူးအသင်းလို အရေးပါတဲ့ ကစားသမားတွေကို ခေါ်ယူဖို့လိုအပ်တယ်လို့ နည်းပြကွန်တီက ပြောပါတယ်။
လီဗာပူးအသင်းဟာ ဂိုးသမား အလစ်ဆန်၊ နောက်ခံလူ ဗန်ဒိုက် အစရှိတဲ့ ကစားသမားတွေကို လိုအပ်တဲ့အချိန်မှာ ချိန်သားကိုက်ခေါ်ယူခဲ့ပြီး အောင်မြင်မှုတွေရခဲ့တာကို စပါးနည်းပြ ကွန်တီက ဥပမာပေးပြီး ရှင်းပြပါတယ်။
စပါးအသင်းအနေနဲ့လည်း အရေးပါတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ငွေကြေးအမြောက် အမြား သုံးစွဲဖို့လိုအပ်ပြီး အံ့အားသင့်ဖွယ်ရာရလဒ်တွေကိုပဲ မျှော်လင့်နေလို့မရကြောင်း နည်းပြကွန်တီ က ပြောပါတယ်။
တခြားသတင်းတွေမှာတော့ စပါးအသင်းဟာ နည်းပြကွန်တီရဲ့ ခံယူချက်တွေအပေါ်မှာ သဘောမကျတာကြောင့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ အစားထိုးလိုနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။