ချန်ပီယံလိဂ်မရတာနဲ့ဘဲ ကျရှုံးမှုဖြစ်တယ်ဆိုတာ.. သဘောမတူပါဘူး” ဂွါဒီယိုလာ

မန်စီးတီးအသင်းအနေနဲ့ ဥရောပချန်ပီယံဆုဖလားမရယူနိုင်ခဲ့လို့ ကျရှုံးမှုဖြစ်စေခဲ့တယ်ဆိုတာကို သဘောမတူကြောင်း နည်းပြဂွါဒီယိုလာက ပြန်လည်တုံ့ပြန်သွားပါတယ်။
မန်စီးတီးအသင်းဟာ ပြည်တွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ဥရောပချန်ပီယံလိဂ်မှာတော့ အမြင့်မားဆုံးအနေနဲ့ ဗိုလ်လုပွဲအထိသာ တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားမရယူနိုင်သေးပါဘူး။
ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ငွေကြေးသုံးစွဲနိုင်မှုနဲ့ ကစားသမားတွေရဲ့ အဆင့်အတန်းအရ ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့ရင် ကျရှုံးမှုဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။
နည်းပြ ဂွါဒီယိုလာကတော့ တဦးချင်းရဲ့အမြင်တွေကို လက်ခံပေမယ့် ချန်ပီယံလိဂ်ဆုဖလား မရခဲ့ရင်လည်း ကျရှုံးမှုဆိုတာကိုတော့ သဘောမတူကြောင်း ပြန်လည်တုံ့ပြန်သွားခဲ့တာပါ။
“ချန်ပီယံလိဂ် မရတာနဲ့ပဲ ကျရှုံးမှုဖြစ်တယ်ဆိုတာ ကျနော်ကတော့ သဘောမတူပါဘူး။ အားကစားမှာ အရာအားလုံးကို ရယူနိုင်ဖို့က ဘယ်လောက်ခက်ခဲသလဲဆိုတာ သိကြမှာပါ။ ဒါပေမယ့် အမြင်တွေကိုတော့ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် စကားစစ်တိုးပွဲတွေဖြစ်စေအောင် ဘယ်သူကတော့မှန်တယ်၊ မှားတယ်ဆိုတာမျိုး မလုပ်ချင်ပါဘူး။ အသင်းက ဆုဖလားတွေရယူဖို့ ဘယ်တုန်းကမှ ဖိအားမပေးဖူးပါဘူး။ သူတို့က ဖြစ်နိုင်သမျှအကောင်းဆုံးကစားနိုင်ဖို့ပဲ ပြောဖူးတာပါ” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်အပြီးမှာ ကစားသမားတွေကို စကားတခွန်းမှ မပြောရသေးဘဲ အနားပေး ထားတယ်လို့လည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။