close

ယူကရိန်းစစ်ပွဲတွင် နျူးကလီးယားလက်နက် အသုံးပြုမည်မဟုတ်ဟု ရုရှားပြော

ယူကရိန်းစစ်ပွဲမှာ နျူးကလီးယားလက်နက်ကို အသုံးပြုဖို့ အစီအစဉ် မရှိဘူးလို့ ရုရှား နိုင်ငံခြားရေးဌာနက အကြီးတန်း အရာရှိတယောက်က မေလ ၆ ရက်က အတိအလင်း ပြောလိုက်ပါတယ်။ 

ဒီအတောအတွင်းမှာ ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက လက်နက်အကူအညီတွေနဲ့ ဇွန်လ အစောပိုင်းလောက်ကစလို့  ရုရှားကို တန်ပြန် တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ 

ရုရှားဘက်က သူတို့ သုံးနှုန်းနေတဲ့ စကားအတိုင်း ယူကရိန်းမှာ တိုက်နေတဲ့ အထူး စစ်ဆင်ရေးမှာ နျူးကလီးယားလက်နက်ကို အသုံးပြုမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေး လက်ထောက် ဒါရိုက်တာ အလက်ဇီ ဇစ်ဆဗ်က သောကြာနေ့မှာ ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က နျူးကလီးယား လက်နက်ကို သုံးလာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်တဲ့အကြောင်း၊  နိုင်ငံ တနိုင်ငံကို စစ်ပြုဖို့၊ စစ်ကို အနိုင်ရအောင် တိုက်ဖို့  နျူးကလီးယားလက်နက်ကို အသုံးမပြုရဆိုတဲ့ စည်းကမ်းကို ရုရှားက လေးစား လိုက်နာသွားမယ်လို့ သူက ဆိုပါတယ်။ 

ရုရှားဟာ ပစ်မှတ်ကို အတိအကျ ပစ်နိုင်တဲ့ မစ်ဇိုင်း ဒုံးကျည်တွေကို အသုံးပြုပြီး ယူကရိန်း ဘက်က လောင်စာဆီ သိုလှောင်တဲ့နေရာတွေ၊ လက်နက်တိုက်တွေနဲ့ စစ်ရေး ပစ်မှတ်တွေကိုပဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ 

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြလာတဲ့ ဗီဒီယိုထဲမှာ ရုရှားတပ်တွေက လူ့ဟန့်ခ် ဒေသမှာ ယူကရိန်းတပ်တွေကို တိုက်ခိုက်နေပုံတွေ ပါဝင်ပါတယ်။ 

ယူကရိန်း စစ်တပ်ဘက်ကတော့ ရုရှားဟာ ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်တွေကို အပြည့်အ၀ ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေပြီး ယူကရိန်းကဘက်ကလည်း ပြန်လည် တိုက်စစ်ဆင်နေတယ်လို့ ဆိုပါတယ်။ 

မာရီယူပိုဆိပ်ကမ်းမြို့ဘက်မှာတော့ အာဇိုစတယ် သံမဏိစက်ရုံ အနီးတဝိုက်မှာ ရက်ပေါင်းများစွာ တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားတွေ အထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ 

စက်ရုံဝင်းထဲက ဘန်ကာတွေထဲကနေ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့ လူသားချင်း စာနာမှု လမ်းကြောင်းကို ဖန်တီးပေးမယ်လို့ ရုရှားဘက်က မေ ၅ ရက်က ပြောထားပါတယ်။

ကုလသမဂ္ဂကတော့ မာရီယူပိုမြို့ကနေ အရပ်သား ၅၀၀ ကို ကူညီကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up