close

ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများ စစ်အာဏာရှင်လက်ထဲမရောက်ရေး ပိတ်ဆို့ပေးရန် သမ္မတဘိုင်ဒင်ထံ တောင်းဆို

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကရတဲ့ဝင်ငွေတွေ စစ်အာဏာရှင်လက်အောက်ကို ရောက်မသွားစေဖို့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်နဲ့ ပြည်သူ ၂ သိန်းကျော်က အမေရိကန် သမ္မတ ဘိုင်ဒင် အစိုးရဆီကို  အိပ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

လာမယ့် မေ ၁၂ ရက်နေ့ ဝါရှင်တန်မှာ  အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဆီကို ပြည်တွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အအစည်း ၆၂၆ ဖွဲ့၊ ပြည်သူ ၂၂၀၀၀၀ ကျော်က မေလ ၄ ရက်နေ့စွဲနဲ့  အိပ်ဖွင့်ပေးစာ ပေးလိုက်တာပါ။

မြန်မာစစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုကိုလည်း အခု တနှစ်ကြာတဲ့အထိ မလိုက်နာဘဲ မြန်မာပြည်သူတွေကို ဆက်လက်အကြမ်းဖက်၊ လိုအပ်တဲ့လူသားချင်းစာနာမှု အကူအညီတွေကိုပိတ်ဆို့နေတာကြောင့် သမ္မတ ဘိုင်ဒင် အစိုးရအနေနဲ့ အာဆီယံရဲ့ ဦးဆောင်မှုကို မှီတည်မနေဘဲ စစ်အုပ်စုရဲ့ တိုက်ခိုက် ပိတ်ဆို့တာတွေ ရပ်ဆိုင်းစေဖို့ သူတို့ရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ရမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဆီကို ဘဏ်ငွေတွေစီးဆင်းနေတာရပ်တန့်အောင် အင်ပြည့်အားပြည့်ဆောင်ရွက်ပေးဖို့ စာမှာ ဖော်ပြတောင်းဆိုထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံစုံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေဟာ စီမံကိန်းတွေက ဝင်ငွေတွေကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကတဆင့် စစ်အုပ်ဆီရောက်အောင် ပေးချေကူညီခဲ့ကြသလို ဒီငွေတွေဟာ ဆက်လက်အကြမ်းဖက်ဖို့၊ ဖိနှိပ်ဖို့ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် သမ္မတဘိုင်ဒင်အစိုးရအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကငွေတွေ စစ်အုပ်စုဆီရောက်မသွားစေဖို့ ပိတ်ဆို့အရေးယူဖို့၊ တရားဝင် အသိအမှတ်ပြုခံရတဲ့အစိုးရအတွက် ဝင်ငွေတွေကို သီးခြားသတ်မှတ်ထားတဲ့ ဘဏ်စာရင်းတွေမှာ ပြောင်းလဲထိန်းသိမ်းထားရေးအတွက် အမေရိကန်နဲ့ ထိုင်း၊ တောင်ကိုရီးယားက မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တောင်းဆိုထားပါတယ်။

နှစ်ပေါင်းဆယ်ချီပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေတွေကို ခဝါချခဲ့ပြီး အစိုးရဘဏ်စာရင်းတွေလည်း စစ်အုပ်စုလက်အောက်ကိုရောက်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို စီးပွားရေးပိတ်ဆို့ပေးဖို့လည်း တောင်းဆိုပါတယ်။

ပြီးတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့အရာတွေ၊ စစ်အုပ်စုကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကဝင်ငွေတွေ လွှဲပေးနေတဲ့ ရေနံကုမ္ပဏီတွေနဲ့ ဘဏ်တွေကို ဆက်သွယ် ဆက်ဆံတာကို ငွေကြေးခဝါချတာအဖြစ် သတ်မှတ်ဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက်ကို အသက်ဝင်အောင်လုပ်ပြီး မလိုက်နာသူတွေကို အရေးယူဖို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ပူးပေါင်း  တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up