ကနေဒါဝန်ကြီးချုပ် ကီယက်ဗ်မြို့သို့သွားရောက်၊ ယူကရိန်းကို စစ်လက်နက်သစ်များ ကူညီမည်

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုဟာ မေ ၈ ရက်က ကြိုတင်မကြေညာဘဲ ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့ကို သွားရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ထရူးဒိုဟာ ရုရှားက ကျူးကျော် တိုက်ခိုက်တာခံနေရတဲ့ ယူကရိန်းမြေပေါ် ခြေချတဲ့ ရှားရှားပါးပါး နိုင်ငံခေါင်းဆောင်တွေထဲက တယောက်ဖြစ်လာပါတယ်။
ယူကရိန်းနိုင်ငံမြို့တော် ကီးယက်ဗ်မှာ ကနေဒါ သံရုံးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကနေဒါ အလံ လွှင့်တင်တဲ့ အခမ်းအနားကို ဦးဆောင်ကျင်းပပေးခဲ့ပါတယ်။
ကနေဒါဟာ အနောက်နိုင်ငံတွေနည်းတူ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ နိုင်ငံတနိုင်ငံပါ။
ဝန်ကြီးချုပ် ထရူးဒိုနဲ့ လစ်ဘရယ် အစိုးရဟာ ယူကရိန်းပြည်သူတွေနဲ့ မိသားစုတွေအတွက် ယာယီနေထိုင်ခွင့် ဗီဇာ အစီအစဉ်ကိုလည်း ခွင့်ပြုပေးထားပါတယ်။
ကီယက်ဗ်မှာ ရောက်နေစဉ်အတွင်းမှာ ကနေဒါဝန်ကြီးချုပ်ဟာ ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့လည်း တွေ့ဆုံပါတယ်။
ယူကရိန်းအတွက် စစ်လက်နက်အသစ်တွေကို ကူညီပေးသွားမယ့်အကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ကြေညာပါတယ်။
ကနေဒါ ဝန်ကြီးချုပ်ဟာ ကီးယက်ဗ်မြို့နားက အေပင်မြို့ကိုလည်း သွားရောက်ကြည့်ရှု ခဲ့ပါတယ်။
ရုရှားတပ်တွေ ကီးယက်ဗ်ကို သိမ်းဖို့ ချီတက်လာတဲ့အချိန်က အေပင်မြို့မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့လို့ မြို့ငယ်လေးဟာ စစ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။
ကနေဒါဟာ ယူကရိန်းရဲ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ဒေါ်လာ ၂၅ သန်း ထည့်ဝင်ထားပြီးဖြစ်သလို နောင်နှစ်ထဲမှာ ယူကရိန်းနဲ့ ကုန်သွယ်ရေးမှာ အခွန်တွေအားလုံးကို ကင်းလွတ်ခွင့်ပေးမယ်လို့ ကြေညာထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။