close

“ရိုးရိုးသားသားပြောရရင် ကျနော့်အနေနဲ့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သင့်တာပါ” – ဒီဘရိုင်း

ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိပေမဲ့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သင့်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။

ဒီမနက်အစောပိုင်းက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီဘရိုင်းက ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာရခဲ့တဲ့ ဒီဘရိုင်းရဲ့ ဦးဆောင်ဂိုးကို ဝုဗ်ကွင်းလယ်လူ ဒမ်ဒွက်ကာက ပြန်လည်ချေပခဲ့ပေမဲ့ မန်စီးတီးက ၄ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့တာပါ။

ဒီဘရိုင်းက ပွဲချိန် ၇ မိနစ်၊ ၁၆ မိနစ်၊ ၂၄ မိနစ်နဲ့ မိနစ် ၆ဝ တွေ မှာ ၄ ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး စတာလင်က ၈၄ မိနစ်မှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တာက ထူးခြားပြီး ပျော်ရွှင်စရာကောင်းပေမဲ့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ၅ ဂိုးသွင်းယူနိုင်ခဲ့သင့်တယ်လို့ ဒီဘရိုင်းက စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

“တပွဲတည်း ၄ ဂိုးသွင်းယူနိုင်တာက အမြဲတမ်း ပျော်ရွှင်စရာဖြစ်ပေမဲ့ ရိုးရိုးသားသားပြောရရင် ကျနော့်အနေနဲ့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သင့်တာပါ။ ကျနော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ခုထက်တောင် ဂိုးတွေ ပိုမိုရသင့်ခဲ့တာပါ” လို့ ဒီဘရိုင်းက ပြောပါတယ်။

မန်စီးတီးအသင်းဟာ လိဂ်ပွဲစဉ်တွေမှာ ၃ ဂိုးနဲ့အထက်သွင်းပြီး ၅ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ပထမဆုံး ပရီမီးယားလိဂ်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် လက်ကျန် ၂ ပွဲအလိုမှာ ဒုတိယနေရာက လီဗာပူးအသင်းကို ၃ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

//
Up