မြို့တော်ဒေလီ ဆင်ခြေဖုံး မီးလောင်မှု ၂၇ ဦးသေဆုံး၊ ၄၀ ခန့် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရဲ့ ဆင်ခြေဖုံးမှာ မေ ၁၄ ရက်နေ့က လေးထပ်အဆောက်အအုံတခု မီးလောင်မှုအတွင်း သေဆုံးသူ ၂၇ ယောက်ရဲ့ အလောင်းကို တွေ့ရှိထားပြီလို့ တာဝန်ရှိသူတွေက မေ ၁၄ ရက်နေ့မှာ ပြောပါတယ်။
မီးလောင်သွားတဲ့ အဆောက်အအုံဟာ စီစီတီဗွီ လုံခြုံရေးကင်မရာထုတ်တဲ့ ကုမ္ပဏီဖြစ်ပြီး မီးလောင်တဲ့အချိန်မှာ လူ ၇၀ လောက် အရေးပေါ်ထွက်ပေါက်မရှိတဲ့ အဆောက်အအုံထဲ ပိတ်မိနေခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
တချို့က အသက်ဘေးကနေ လွတ်အောင် ပြတင်းပေါက်ကနေ ခုန်ချခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မှန်ပြတင်းတွေကိုခွဲပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒဏ်ရာရတဲ့ လူ ၄၀ လောက်ကိုတော့ ဆေးရုံပို့ထားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အခုအချိန်ထိ မသိရသေးပါဘူး။
မေ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ညနေ သုံးနာရီခွဲလောက်မှာ အောက်ဆုံးထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၄ ရက်နေ့ မနက်အစောပိုင်းအထိ မီးငြှိမ်းသတ်တာနဲ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
အာဏာပိုင်တွေက ကုမ္ပဏီပိုင်ရှင်တွေကို ဖမ်းဆီးစစ်ဆေးနေပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက မီးလောင်မှုကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းတဲ့အကြောင်း ပြောပါတယ်။