အာဆင်နယ်အသင်း ၂ နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဟု နောက်ခံလူဟောင်း သုံးသပ်

အာဆင်နယ်အသင်းဟာ လာမယ့် ၂ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ကြောင်း နောက်ခံလူဟောင်း ဆက်ဂ်နာက ပြောပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်းဟာ အာဆင်နယ်မှာ ၇ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အသင်းဟောင်းအပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် အဲဒါတွေမှားယွင်းကြောင်း သက်သေပြခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
“ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် သူတို့က ကျနော်မှားယွင်းကြောင်း သက်သေပြခဲ့တယ်။ သူတို့ဟာ တိုးတက်နေတဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီး ပရိသတ်တွေအနေနဲ့ သစ္စာရှိရှိနဲ့ လိုက်ပါယုံကြည်မှုပေးသင့်တယ်။ လာမယ့်ရာသီကတော့ထားပါ။ ဆန္ဒရှိမယ်ဆိုရင် သူတို့အနေနဲ့ လာမယ့် ၂ နှစ်လောက်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်” လို့ ဆက်ဂ်နာက ပြောပါတယ်။
ပြင်သစ်နောက်ခံလူ ဆက်ဂ်နာဟာ အသင်းဖော်ဟောင်းဖြစ်သူ နည်းပြ မီခေးလ်အာတီတာကိုလည်း ချီးကျူးခဲ့ပြီး ကစားသမားဘဝကတည်းက နည်းပြကောင်းတဦး ဖြစ်လာနိုင်သူဆိုတာ သိရှိခဲ့ကြောင်း ပြောပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပြီး လက်ကျန် ၂ ပွဲလုံး အနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားမှာဖြစ်ပါတယ်။